CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂

ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားရာကနေ နှစ်ဖက်ညှိနှိုင်းမှုကြောင့် ပြန်လည်စတင်လာနိုင်ဖွယ်ရှိသည်ဟု ကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။ 

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း (အာရှလမ်းမကြီး)တစ်လျှောက်တွင်  နယ်မြေ မတည်ငြိမ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်သွယ်မှု ရပ်တန့်နေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

ထို့နောက် ထိုင်းနိုင်ငံက အာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် ပျက်စီးမှုများကို ပြင်ဆင်သွားမည် ဖြစ်သလို နယ်မြေတည်ငြိမ်အေးကိုလည်း ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

ထိုသို့ မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်စတင်နိုင်မည်ဆိုပါက လက်ရှိ ဈေးကွက်အတွင်း မြင့်တက်နေသည့် ကုန်ဈေးနှုန်းများလည်း ကျဆင်းလာနိုင်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံ က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာတဲ့လမ်းကြောင်းက ကျနော်တို့ တိုင်းပြည်အတွက် ကောင်းတဲ့ လမ်း ကြောင်း တစ်ခုဖြစ်တဲ့အတွက် ကျနော်တို့ဘက်က ကြိုဆိုပါတယ်။ ကုန်သည်တွေဘက်ကလည်း ဒီကိစ္စက လက်ခံ ရမယ့်ကိစ္စ ဖြစ်ပါတယ်။ အဓိကက သုံးစွဲတဲ့ ကာစတန်မာတွေအတွက်လည်း ကုန်ပစ္စည်းတွေ ပြန်ဝင်လာ နိုင်မယ် ဆိုရင် ဈေးနှုန်းတွေက အထိုက်အလျောက် ပြန်ပြီးတော့ ကျဆင်းသွားနိုင်ပါတယ်။ အခုဆိုရင် ထိုင်းဘက်ကပဲ ဖြစ် ဖြစ်၊ တရုတ်ဘက်ကပဲဖြစ်ဖြစ် border ကနေ သွင်းရတဲ့ ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း ဈေးကွက်ထဲမှာ တက်နေ ကြတာ ပုံမှန်ထက်ကို တက်သွားကြတယ်။ ဒေါ်လာဈေးတွေကျပြီး ရွှေဈေးတွေလည်း ထိန်းချုပ်ထားတယ်၊ ဒါပေမယ့် ဘာကြောင့် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ မကျသေးတာလဲဆိုတာရဲ့ ပြဿနာက သွားရေးလာရေး ခက်ခဲတဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ ဒီအခြေအနေကို ထိုင်းနိုင်ငံအနေနဲ့ ထိုင်း အစိုးရကလည်း ညှိနှိုင်းပြီးတော့ လမ်းတွေ ပြန်ပြင်တာမျိုး ရှိမယ်၊ အဓိကကတော့ လုံခြုံရေးပေါ့နော်၊ လုံခြုံရေး အခြေအနေတွေကို သူတို့ ဆောင်ရွက်ပေးနိုင်မယ်၊ ဒါပေမယ့် ထိုင်းကတော့ ကျနော်တို့နိုင်ငံရဲ့ လုံခြုံရေး အခြေအနေကို ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ဘူး”ဟု ပြောသည်။

 မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်း ပျက်စီးမှု တံတားပြုပြင်နေစဉ်

သို့သော်လည်း ထိုင်းအစိုးရသည် ပျက်စီးသွားသည် လမ်းများကို ပြုပြင်ပေး၍ အာရှလမ်းမကြီး ပြန်လည် ဖွင့်လှစ် နိုင်အောင် ကူညီမည်ဆိုပါက ကြိုဆိုရမည်ဟု ဦးအောင်ပြည့်စုံက ဆက်ပြောသည်။

၎င်းက “သူတို့အနေနဲ့ ပျက်စီးသွားတဲ့ လမ်းတွေကို ရာသီဥတုကြောင့်ပဲဖြစ်စေ၊ တိုက်ပွဲတွေကြောင့်ပဲဖြစ်စေ ပျက်စီးသွားတဲ့ လမ်းတွေကို သူတို့ ပြန်ပြင်ပေးမယ်ဆိုတာမျိုးတော့ ကျနော်တို့ ကြိုဆိုပါတယ်။ အဓိကကတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဆိုရင် လုံခြုံရေးကလည်း စိတ်ချရတဲ့ အနေအထားမျိုး ဖြစ်လာပြီဆိုရင် တော့ ကုန်စည်စီးဆင်းမှုတွေက ပိုပြီးတော့ ဆောင်ရွက်နိုင်မှာဖြစ်ပြီး ကုန်ဈေးနှုန်းတွေလည်း အထိုက်အလျောက် ကျသွားမယ်လို့ ကျနော်တို့အနေနဲ့ ထင်ပါတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ မရသည့်အတွက် ပို့ကုန်လုပ်ငန်းရှင်များသည် ရှမ်းပြည် နယ်အရှေ့ပိုင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုနေရသလို ပင်လယ်ရေကြောင်းဖြင့် ရန်ကုန် - ရနောင်း ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြုနေရကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်များလည်း မြင့်တက်လျက်ကြောင်း ကုန်သည်များက ပြောသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်အသုံးပြု၍ ရသွားမည်ဆိုပါက ကုန်စည်စီးဆင်းမှုများ မြန်ဆန်လာမည်ဖြစ်သလို ပို့ကုန်တင်ပို့နေသည့် ကုန်စည်နှင့်ပတ်သက်၍လည်း တောင်သူများ ဈေးနှုန်းပိုမို ရရှိသွားနိုင်သည်ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်က ကုန်ကားများကိုတွေ့ရစဉ်

၎င်းက “မြဝတီလမ်းကြောင်း ပွင့်သွားလို့ရှိရင် အသေးစိတ် တွက်ချက်လို့ရှိရင် ပြောင်း ၁ ပိဿာကို ၅၀ ကနေ ၇၀ လောက်အထိ တောင်သူကို ပိုပေးလို့ ရသွားတယ်။ ၁ ပိဿာကို ၅၀ နဲ့ ပြောမယ်ဆိုလို့ရှိရင် ၁ တင်းကို ၁၀၀၀ လောက်ပေါ့နော် ၁၀၀၀ လောက်အထိ တောင်သူက ပိုရသွားနိုင်တယ်။ အခုက ထိုင်းကို ရောင်းတာက တာချီလိတ် ကနေသွားတဲ့ လမ်းကြောင်းတစ်ခု ရှိမယ်၊ မြဝတီက မနှစ်ကဆို လုံးဝကို မသွားနိုင်ဘူးလို့ ပြောရမှာပေါ့နော်။ အဲဒီတော့ ကော့သောင်း - ရနောင်း ရေလမ်းကနေ သွားတယ်။ အဲဒီ လမ်း ၂ လမ်းလုံးက ကန့်သတ်ချက်တွေ ရှိ တယ်။ တာချီလိတ်လမ်းကလည်း မြဝတီလမ်းလိုပေါ့နော် ကားတွေ အများကြီး သွားလို့ မရနိုင်ဘူး။ တောင်တက်၊ တောင်ဆင်းတွေ ရှိသလို တချို့နေရာတွေမှာလည်း တံတားတွေရဲ့ ခံနိုင်ဝန်တွေပေါ် မူတည်ပြီးတော့ ကန့်သတ်  ချက်တွေ ရှိတယ်။ ပင်လယ်ရေကြောင်းကသွားတာလည်း သင်္ဘောတွေရဲ့ အစီးရေ ကန့်သတ်ချက်တွေ ရှိတာပေါ့ နော်။ အဲဒါကြောင့်မို့လို့ တကယ်လို့သာ မြဝတီလမ်း ပွင့်သွားမယ်ဆိုလို့ရှိရင် လက်ရှိ တာချီလိတ်လမ်းကလည်း လက်ရှိသွားနေတဲ့ အရေအတွက်ကနေပြီးတော့ လျော့ကျသွားမယ်၊ ဒါဆိုရင်တော့ ပိုပြီးတော့ မြန်သွားမှာပေါ့နော်” ဟု ပြောသည်။

မြဝတီ နယ်စပ်ကုန်သွယ်ရေးမှတဆင့် အဓိက ကုန်သွယ်နေသည့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးသည် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် ဧပြီလဆန်းပိုင်းမှ စတင်ပြီး ရပ်တန့်နေ သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။