CNI International News

ဘန်ကောက်၊ မေလ ၂၀

တော်ဝင်မိသားစုအား စော်ကားပြောဆိုခြင်းဆိုင်ရာ ဥပဒေအား ပြင်ဆင်ရေးနှင့် ပတ်သက်သော ပါတီ၏ အငြင်း ပွားဖွယ် ရပ်တည်ချက်ကို မဟာမိတ်ဖြစ်လာနိုင်သည့် ပါတီများအနေဖြင့် ထောက်ခံရန်မလိုအပ်ဟု Move Forward ပါတီက သောကြာနေ့တွင် ပြောခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲတွင် နေရာ အများဆုံး အနိုင်ရရှိခဲ့သော Move Forward ပါတီသည် အစိုးရဖွဲ့ရန်အတွက် တခြား သော ပါတီများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေချိန်၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) ဦးဆောင်သည့် Move Forward ပါတီသည် စီးပွားရေး လက်ဝါးကြီး အုပ်မှု ပယ်ချခြင်း ၊ ပုဒ်မ ၁၁၂ ဟု ထင်ရှားသော တော်ဝင်မိသားစုအား စော်ကားပြောဆိုခြင်းနှင့် သက်ဆိုင်သည့် တင်းကြပ်သော ဥပဒေကို ပြင်ဆင်ခြင်း စသော မူဝါဒများကြောင့် လူငယ်မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

Pita Limjaroenrat ကို တွေ့ရစဉ်

တခြားပါတီများ အနေဖြင့် ၁၁၂ နှင့် ပတ်သက်၍ သဘောတူလျှင် အစိုးရဖွဲ့စည်းရေး သဘောတူညီချက်တွင် ပါဝင်ရန် အဆင်သင့် ရှိနေမည် ဖြစ်ကြောင်း၊ သို့သော် ယင်းက အစိုးရဖွဲ့စည်းရေးတွင် ပါဝင်ရန် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာမဟုတ်ကြောင်း Move Forward ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပါတီအနေဖြင့် ဥပဒေရေးရာ ပြင်ဆင်မှုများကို လွှတ်တော်တွင် လွတ်လပ်စွာ တင်သွင်းသွားမည် ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွက် ညွှန့်ပေါင်းအစိုးရဆိုင်ရာ သဘောတူညီချက်ကို လာမည့် တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာ မည်ဟု ယူဆရသည်။

ပုဒ်မ ၁၁၂ အရ တော်ဝင်မိသားစုအား စော်ကားသူကို ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်ကာ ယင်းကို ထိုင်းနိုင်ငံသား အများစုက ပြင်းထန်လွန်းသည်ဟု သတ်မှတ်ထားသည်။

ပြီးခဲ့သော နှစ်များအတွင်း ထိုဥပဒေဖြင့် အရေးယူခံရသူ အယောက် ၂၀၀ ခန့်ရှိကြောင်း၊ ယင်းကို သဘောထား ကွဲလွဲသူများအား နှိပ်ကွပ်ရန် အသုံးချနေသည်ဟု အတိုက်အခံများက ပြောသည်။

Bhumjaithai ပါတီခေါင်းဆောင်ကို တွေ့ရစဉ်

Move Forward ပါတီက ဥပဒေပါ ထောင်ဒဏ်ကို လျှော့ချပြင်ဆင်ရန်၊ ယင်းနှင့်ပတ်သက်သည့် တရားလိုများကို တော်ဝင်ရေးရာဗျူရို တစ်ခုထဲအဖြစ် လျှော့ချပြင်ဆင်ရန် လိုလားနေသည်။

Move Forward ၏ ၈ ပါတီ ညွှန့်ပေါင်းအဖွဲ့သည် ဥပဒေပြုလွှတ်တော်နေရာ ၇၅၀ မှ ၃၁၃ နေရာကို ရရှိထားသော် လည်း စစ်တပ်မှ ရေးဆွဲသော အခြေခံဥပဒေအရ ၎င်းတို့အနေဖြင့် အစိုးရဖွဲ့စည်းရန် ရွေးကောက်ခံ မဟုတ်သော ဆီးနိတ်လွှတ်တော်၏ ထောက်ခံမှုနှင့် တခြားပါတီများ၏ ထောက်ခံမှုတို့ လိုအပ်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် တတိယနေရာမှ အနိုင်ရရှိခဲ့သော Bhumjaithai ပါတီဘက်က ၎င်းတို့အနေဖြင့် တော်ဝင်မိသား စုအား စော်ကားခြင်းနှင့် ပတ်သက်သည့် ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းမှုများကို ထောက်ခံသွားမည် မဟုတ်ဟု တရားဝင် ထုတ်ဖော်ပြောဆိုထားသည်။

Move Forward အနေဖြင့် ထိုဥပဒေပြင်ဆင်ရေးတွင် တခြားသောပါတီများကို ဖိအားမပေးခြင်းဖြင့် ထောက်ခံမှု များကို ပိုမိုရရှိနိုင်သည်ဟုလည်း လေ့လာသုံးသပ်သူများက ပြောသည်။

Source: Reuters