CNI International News
ကွီတို၊ မေလ ၁၉
အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းသည့် သမ္မတ ဂွီလာမို လတ်ဆို (Guillermo Lasso) ၏ လုပ်ရပ်ကို အီကွေဒေါ ဥပဒေပြု လွှတ်တော်အမတ်များက ကြာသပတေးနေ့တွင် ပြစ်တင်ရှုတ်ချခဲ့သည်။
တိုင်းပြည်သည် မည်သည့် ပဋိပက္ခမှ ကြုံတွေ့နေရခြင်း မရှိဘဲ ယခုလို လွှတ်တော်ကို ဖျက်သိမ်းခြင်းက တရား မဝင်ကြောင်း စောဒကတက်ခဲ့သည်ဟု အေပီက ရေးသားခဲ့သည်။
လွှတ်တော် ဖျက်သိမ်းခြင်းကြောင့် အမတ်များသည် ရာထူးမှ ဖယ်ရှားခံခဲ့ရပြီလည်း ဖြစ်သည်။
ကွန်ဆာဗေးတစ်သမ္မတ လတ်ဆိုသည် လွှတ်တော်အား ဗုဒ္ဓဟူးနေ့တွင် ဖျက်သိမ်းခဲ့သည်။
လွှတ်တော်က ၎င်းအား စီမံခန့်ခွဲမှု အမှားများနှင့် ပတ်သက်သည့် စွပ်စွဲချက်များအပေါ် တရားရုံးတင် စစ်ဆေး ခြင်းဖြင့် ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းနေချိန်တွင် ထိုသို့ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
လတ်ဆိုသည် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ ပေါ်ပေါက်လာချိန်တွင် သမ္မတသည် လွှတ်တော်အား ဖျက်သိမ်းနိုင် သည်ဆိုသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်ကို ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်းလည်း ဖြစ်သည်။
လွှတ်တော်ဖျက်သိမ်းခြင်းဖြင့် ဥပဒေပြုလွှတ်တော် အမတ်များနှင့် သမ္မတရာထူးအတွက် ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်သည်ဟုလည်း ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်းထားသည်။
သမ္မတ ဂွီလာမိုလတ်ဆိုကို တွေ့ရစဉ်
သို့သော် လွှတ်တော်ဥက္ကဋ္ဌဟောင်း ဗာဂီလီယို ဆတ်ကွီဆီလာ (Virgilio Saquicela)၏ ကြာသပတေးနေ့ တရားစွဲ ဆိုခြင်းတွင် တိုင်းပြည်သည် မည်သည့် လူမှုရေးဆိုင်ရာ အကျပ်အတည်းမှ မရှိသောကြောင့် လတ်ဆို၏ လုပ်ရပ် သည် ဖွဲ့စည်းပုံအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု ထောက်ပြထားသည်။
၎င်းအား ရာထူးမှ ဖယ်ရှားရန် ကြိုးပမ်းခြင်းကြောင့်သာလျှင် လတ်ဆိုသည် လွှတ်တော်အား ကြောက်လန့်တကြား ဖျက်သိမ်းရခြင်း ဖြစ်သည်ဟုလည်း သမ္မတကို ဝေဖန်သူများက ပြောသည်။
အေပီနှင့် အင်တာဗျူး တစ်ခုတွင် ဆတ်ကွီဆီလာက သမ္မတသည် ၎င်းအား ရာထူးမှ ဖယ်ရှားခြင်းကို တားဆီးရန် အတွက် နောက်ဆုံး အချိန်တွင် ပရိယာယ်သုံးကာ ရှောင်တိမ်းခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။
၎င်းအား ထောက်ခံသူ မရှိတော့မည့် အခြေအနေကို မြင်တွေ့ရသောအခါ သမ္မတက ထိတ်လန့်တကြား ဖြစ်ခဲ့ သည်ဟု ဆတ်ကွီဆီလာက ပြောသည်။
ဆတ်ကွီဆီလာ၏ တရားစွဲမှုအပြင် ယခင်က ရှိခဲ့ဖူးသော စွပ်စွဲချက်နှစ်ခုကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေဥပေဒခုံရုံးတွင် စစ်ဆေးသွားမည် ဖြစ်သော်လည်း ထိုရုံး၏ လုပ်ဆောင်ချက်များစွာသည် နှေးကွေးလွန်းသောကြောင့် ယခု တစ်ကြိမ်တွင် လျင်မြန်စွာ ဆောင်ရွက်ပေးရေး လွှတ်တော်အမတ်များက တောင်းဆိုထားသည်။ တစ်ဖက်တွင်လည်း အမျိုးသား လွှတ်တော် ကောင်စီသည် ရွေးကောက်ပွဲများ ကျင်းပရန် ရက်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ စတင်ဆောင်ရွက် နေပြီလည်း ဖြစ်သည်။
အီကွေဒေါလွှတ်တော်အမတ်များကို တွေ့ရစဉ်
အီကွေဒေါဥပဒေတွင် သမ္မတအနေဖြင့် လွှတ်တော်သည် ၎င်း၏ လုပ်ပိုင်ခွင့်အား ကျော်လွန်ဆောင်ရွက်ခြင်း သို့မဟုတ် ဆိုးရွားသော နိုင်ငံရေး ပဋိပက္ခနှင့် ပြည်တွင်းရေး မတည်ငြိမ်မှုများ ရှိနေချိန်တွင် ဖျက်သိမ်းခွင့်ရှိ သည်ဟု ပြဋ္ဌာန်းထားသည်။
ဖျက်သိမ်းခံ လွှတ်တော်အမတ်များထံမှ ကန့်ကွက်မှုများ ရှိနေသော်လည်း သမ္မတသည် လွှတ်တော်အား ဖျက်သိမ်းရန် မည်သည့် အဖွဲ့အစည်းများထံမှ အတည်ပြုချက် မလိုအပ်ဟု အခြေခံဥပဒေတွင် ထင်ရှားစွာ ဖော်ပြထားကြောင်း ပြောခြင်းဖြင့် အီကွေဒေါအစိုးရအဖွဲ့ ဝန်ကြီးက သမ္မတ၏ လုပ်ရပ်ကို ကာကွယ် ပြောဆိုခဲ့ သည်။
Source: AP