CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁

အီကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အသုံးပြုလို့မရတဲ့ကစားသမားကို အသုံးပြုခဲ့တယ်လို့ ချီလီရဲ့ တိုင်ကြားချက်ကို ဖီဖာက ပယ်ချခဲ့တာကြောင့် လာမယ့်ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားခွင့်ရသွားပြီဖြစ်ပါတယ်။

ချီလီဘောလုံးအဖွဲ့ချုပ်မှ အီကွေဒေါအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲပါဝင်ကစားခဲ့တဲ့ ကတ်စတီလိုဟာ ကိုလံဘီယာနိုင်ငံသားဖြစ်ပြီး သူ့ရဲ့အသက်အရွယ်ကို လိမ်လည်မှုပြုလုပ်ခဲ့တယ်လို့ ဖီဖာထံ တိုင်ကြားခဲ့တာပါ။

အဲဒါကြောင့် အီကွေဒေါကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ချီလီက အလိုရှိခဲ့တာပါ။ဖီဖာက ချီလီရဲ့ တိုင်ကြားချက်ကို ပယ်ချခဲ့ပေမယ့် အယူခံဝင်ခွင့်ရှိနေဆဲဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အီကွေဒေါအသင်းဟာ ဖီဖာရဲ့ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ ဆီနီဂေါ၊ နယ်သာလန်တို့နဲ့ ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့တာပါ။

အီကွေဒေါဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဖီဖာရဲ့ဆုံးဖြတ်ချက်ဟာ အားကစားဆိုင်ရာတရားမျှတမှုပြီးမြောက်ခဲ့တာလို့ ပြောခဲ့ပါတယ်။ချီလီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ပါဘလိုမီလတ် က လိုအပ်မယ်ဆိုရင် အားကစားဆိုင်ရာခုံရုံးကို အယူခံဝင်သွားမှာဖြစ်တယ်လို့ ပြောခဲ့တာပါ။


“ကျနော်တို့ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေပေမယ့် ဒုတိယပိုင်းတော့ကျန်ပါသေးတယ်။ဖီဖာရဲ့ စီရင်ချက်ဟာ အံအားသင့်စရာကောင်းပြီး ခိုင်မာတဲ့အထောက်အထားတွေရှိပေမယ့် ကျနော်တို့ကို မျက်နှာသာမပေးပါဘူး။ ငြင်းခုံမှုတွေကိုစောင့်ဆိုင်းပြီး အယူခံဝင်သွားမယ်လို့ ” ပါဘလိုမီလတ် က ပြောခဲ့တာဖြစ်ပါတယ်။ချီလီရဲ့ တိုင်ကြားမှုမှာ ကတ်စတီလိုဟာ ၁၉၉၅ ဇူလိုင် ၂၅ ရက်က ကိုလံဘီယာနိုင်ငံ တူမာကိုမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၉၉၈ နိုဝင်ဘာ ၁၀ ရက် အီကွေဒေါမှာ မွေးဖွားခဲ့တာမဟုတ်ဘူးဆိုတာ မရေမတွက်နိုင်တဲ့ အထောက်အထား တွေရှိတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

အီကွေဒေါအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုန်မှာ ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ကာ ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်မြင်ခဲ့တာပါ။ချီလီကတော့ အဆင့် ၇ နဲ့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။

Source:BBC