CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃

တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ် အထက်၌ ရှိနေခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ၄၅၀၀ ကျပ် ဝန်းကျင် အထိ ပြန်လည် ကျဆင်းလာနေပြီး မည်သည့်ပမာဏအထိ ကျဆင်းနိုင်သလဲ ဆိုသည့်အပေါ် စီးပွားရေးလေ့လာ သုံးသပ်သူများ အကြား ဆွေး‌နွေးမှုများရှိနေသည်။

ဒေါ်လာဈေး ဆက်လက်ကျဆင်းမည်ဆိုပါက ၃၅၀၀ ကျပ် အထက်တွင်သာရှိနိုင်မည်ဟု ဘဏ်ရေးရာ ကျွမ်းကျင် သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

“suddenly demand တွေ လောလောဆယ် မရှိတော့လို့ပေါ့။ တစ်ခုတော့ရှိတယ် ဘယ်လိုပဲ ပြန်ကျ ပြန်ကျ ၅၀၀၀ ဆိုတာက တကယ်တမ်းကြတော့ တော်တော်လေး များသေးတာပေါ့လေ။ ဒါထက် အများကြီးများတဲ့ လဲလှယ်နှုန်းတွေထက်စာရင် တော်တယ်ပဲပြောရမှာပေါ့ မဆိုးဘူးပဲပြောရမှာပေါ့။ အခုက ကျနော်တို့က ရောဂါ အကြီးကြီးဖြစ်နေတာလေ။ ကိုက်တယ်ခဲတယ်ပေါ့ သဘောက။ အမှန်တော့ ကိုက်တယ်ခဲတယ်က ရောဂါ အကြီးကြီးကြောင့်ဖြစ်တာ။ ကိုက်တာခဲတာကို သက်သာတဲ့ injection တစ်ခုထိုးလိုက်တယ်။ ကိုက်တာခဲတာ သက်သာသွားတယ်။ ဒါပေမယ့် ရောဂါပျောက်သွားတာတော့ မဟုတ်ဘူး‌ပေါ့။ ကျတယ်ဆိုတာတော့ ကောင်းပါ တယ်။ ကျနော်တို့ အမြင်ကတော့ intervention တွေ၊ ဈေးကွက်ဆိုတာ တတ်နိုင်သမျှ လွတ်လပ်စီမံနိုင်ဖို့ပဲ လိုတာ။ demand, supply ကို ဈေးကွက်ကပဲ ဖန်တီးသွားတာ။ အဲဒီအခြေအနေ မရောက်သရွေ့ကတော့ မူလအခြေအနေ ပြန်မရောက်နိုင်ဘူး။ ကျနော်ထင်တာ အလွန်ဆုံးကျလည်း ၃၅၀၀ အထက်မှာပဲ ရှိမှာပဲ” ဟု ၎င်းက ပြောသည်။

ယခုနှစ်ကုန်ပိုင်း၌ ဒေါ်လာဈေး ၅၀၀၀ ကျပ်သို့ ရောက်မည်ဟု ယခင်ကခန့်မှန်းထားခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမှုများ ကြောင့် ရွှေ့ပြောင်းများပြားလာသဖြင့် ‌‌ဒေါ်လာဈေး ၇၀၀၀ ကျပ်အထိ ထိုးတက်သွားခဲ့ပြီးနောက် ၅၀၀၀ ကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ကာ ယခုလက်ရှိတွင် ၄၅၀၀ ကျပ်ဝန်းကျင်သို့ ထပ်မံကျဆင်းလာခြင်း ဖြစ်သည်။

ထိုသို့ ကျဆင်းခြင်းသည် အမေရိကန်ရွေးကောက်ပွဲကြောင့် ကမ္ဘာ့ဒေါ်လာဈေးကျဆင်းနေမှု၊ ဗဟိုဘဏ်မှ ဒေါ်လာ များ ထုတ်ရောင်းပေးနေမှုနှင့် ပြည်တွင်း၌ ဒေါ်လာအား အရေးပေါ် ရုတ်တရက်လိုအပ်သည့် ကိစ္စများမရှိခြင်း ကြောင့်ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်

ဗဟိုဘဏ်အနေဖြင့် ဒေါ်လာဈေးအား ၄၀၀၀ ကျပ် ဝန်းကျင်အထိသို့ ကျဆင်းရန် လုပ်ဆောင်နေသော်လည်း စီးပွားရေးလေ့လာသုံးသပ်သူများအကြား ဒေါ်လာဈေးသည် ၅၀၀၀ ကျပ် ဝန်းကျင်အောက်သို့ ကျနိုင်ဖွယ် မရှိ ကြောင်း သုံးသပ်ထားကြခြင်းဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ ၄၅၀၀ ကျပ်ဝန်းကျင်အထိသို့ ကျဆင်းလာခြင်းသည် အံ့သြဖွယ် ကျဆင်းခြင်းဖြစ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“အခုက ကျတဲ့ဟာက တော်တော်ကို surprise ကျတာပေါ့။ ၅၀၀၀ ပတ်ချာလည်အောက်ကို မကျနိုင်ဘူးလို့ ထင်ထားတာ။ ကျန်တဲ့ဟာတွေအကုန်လုံးက normal လို့ပြောလို့ရတယ်။ ဒီ‌‌ဒေါ်လာကျတဲ့ဟာက unnormal လို့တောင် သုံးသပ်လို့ရတယ်။ ဘာလို့လဲဆိုတော့ ဒေါ်လာကျတဲ့အထဲမှာ ၂၀၀၈ နာဂစ်ဖြစ်ပြီးစမှာလည်း ‌ဒေါ်လာ ဈေးက တအားပြုတ်ကျသွားတယ်။ ဘာလို့ဆို နာဂစ်ကြောင့် ဝင်လာတဲ့အကူအညီတွေ အဲဒီတုန်းကလည်း အတူတူပါပဲ မြန်မာပြည်က sanction မိထားတာ အစိုးရဆီကိုတော့ မသွားဘူး UN ကဒေါ်လာတွေ သန်းနဲ့ချီဝင် လာတာ ရှိတယ်။ နောက် တခြား ဂျပန်တို့ဘာတို့က အကူအညီတွေလည်း အများကြီးရလိုက်တယ်။ အဲဒီလို နိုင်ငံခြားငွေဝင်လာတဲ့အချိန်မှာလည်း ဒေါ်လာဈေးကျတယ်။ အခုရော international အကူအညီက ဘယ်လောက်အထိ ဝင်လာမလဲ ဘယ်လောက်အတိုင်းအတာအထိ ဝင်လာမလဲပေါ့။ အဲဒီအပေါ်မူတည်ပြီးတော့မှ ဒေါ်လာဈေးက ဘယ်လိုဖြစ်နိုင်မလဲဆိုတာ တွက်ကြည့်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

‌ဒေါ်လာဈေးတက်မည်ဆိုပါကလည်း တရွေ့ရွေ့ဖြင့်သာ တက်နိုင်ပြီး မည်သည့်ပမာဏအထိ တက်နိုင်မည်ကို ခန့်မှန်း၍ မရကြောင်းလည်း စီးပွားရေးလေ့လာသူများက ပြောသည်။

အမေရိကန်ရွေးကောက်ပွဲပြီးနောက် တက်လာမည့်အစိုးရအသစ်နှင့် နိုင်ငံရေးမူဝါဒများအပေါ်မူတည်ကာ ဒေါ်လာ ဈေးမှာ အနေအထားတစ်ခု ပြောင်းလဲသွားနိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။