CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၏ ယခုနှစ် မိုးစပါးအထွက်နှုန်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၁ သန်းခွဲ လျော့ကျနိုင်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်းထံမှ သိရသည်။

ယခုနှစ် မိုးစပါး စိုက်ပျိုးချိန်တွင် အနိမ့်ပိုင်းဒေသများ၌ စပါးများ ရေကြီးနစ်မြုပ်ခဲ့ခြင်းနှင့် လက်ရှိ စပါးရိတ်သိမ်း ချိန်တွင် စပါးပင်ကို ဖျက်ဆီးသည့်ပိုးများ ကျရောက်သည့်အတွက် အထွက်နှုန်း လျော့ကျခြင်းဖြစ်သည်။

ရေကြီးနစ်မြုပ်မှုဒဏ်ကို မခံစားရသည့် လယ်များအနေဖြင့် တစ်ဧကလျှင် စပါး တင်း ၈၀ ခန့် ထွက်ရှိသော်လည်း ရေကြီးမှုဒဏ်နှင့် ပိုးကျရောက်မှုကို ခံကြရသည့် လယ်များသည် တစ်ဧကလျှင် တင်း ၄၀ ခန့်သာ ထွက်ရှိသည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ (ဟောင်း) ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် လယ်ယာစိုက်ပျိုးနေစဉ်

၎င်းက “၅၀ ရာခိုင်နှုန်းဝန်းကျင် မလျော့တောင်မှ ခါတိုင်း ဧရာဝတီအောက်ပိုင်းလို့ခေါ်တဲ့ ဖျာပုံခရိုင်လေ၊ ဒေးဒရဲ၊ ဖျာပုံ၊ ကျိုက်လတ် အဲဒီနေရာတွေကတော့ သူတို့က ပင်လယ်ရေနဲ့ပဲ ဆိုင်တယ်။ ဒီဘက်က ရေဘယ်လောက် ကြီး ကြီး သူတို့နဲ့ မဆိုင်တဲ့အတွက် အဲဒီနေရာတွေကတော့ အပျက်အစီး နည်းတယ်လို့ ပြောရမှာပေါ့။ နည်းနည်းပါးပါး လောက်ပဲ မပြောပလောက်ဘူးပေါ့။ နောက်တစ်ခါ လပွတ္တာခရိုင်ရှိမယ်၊ လပွတ္တာနဲ့ မော်ကျွန်း သူလည်း ထိုနည်း လည်းကောင်းပါပဲ။ နောက်တစ်ခါ ပုသိမ်ခရိုင်ထဲမှာတော့ ငပုတောနဲ့ သာပေါင်းတို့ကတော့ မိုးစပါးစိုက်တာ နည်းပါ တယ်။ အခု ဧရာဝတီမှာ ပျက်တာက ဧရာဝတီ အထက်ပိုင်းလို့ခေါ်တဲ့ မြန်အောင်ခရိုင်ရယ်၊ ဟင်္သာတခရိုင်ရယ်၊ ဒီဘက်က မအူပင်ခရိုင်က တချို့ရယ်၊ နောက်ပြီးတော့ ပုသိမ်ခရိုင်ထဲက ကျောင်းကုန်းတို့ပေါ့။ ပျမ်းမျှ ၃၀ ရာခိုင်နှုန်းလောက်၊ ၃၅ ရာခိုင်နှုန်းလောက် လျော့သွားမယ်လို့ မိုးစပါးက ဧရာဝတီတိုင်းမှာလေ” ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်စဉ် မိုးစပါးစိုက်ဧကအားဖြင့် ၃ ဒသမ ၇ သန်းကျော်ရှိပြီး စပါးတန်ချိန် ၃ သန်းမှ ၄ သန်းအထိ ထွက်ရှိကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးထားသည့် လယ်ဧက ၁ သန်းခွဲတွင် ရေကြီး နစ်မြုပ်မှုဒဏ်ကို ခံခဲ့ရသည်ဟု သိရသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တချို့ လယ်ဧကများတွင် စပါးပင်ကို ဖျက်ဆီးသည့် ခရုများနှင့် ပိုးများ ကျရောက်ခြင်းကြောင့်လည်း လယ်ဧကတချို့ ပျက်စီးသွားကြောင်း ဘိုကလေးမြို့နယ်မှ စပါးစိုက် တောင်သူ ဦးအေးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် လယ်ယာစိုက်ပျိုးနေစဉ်

၎င်းက “အထွက်နှုန်း လျော့ပြီပေါ့။ အလယ်ကျော ရေချိုအရပ်က ခရုကိုက်တယ်။ အောက်ဘက်က ပိုးတွေကျ တယ်။ လယ်သမားတစ်ဦးက ဧက ၂၆၀ ရှိတာ ၇၀ လောက် ပျက်သွားတယ်။ ရေငန်ဘက်က တော်တော်များများ ပိုးတွေကျတယ်။ သူက ထွက်ကို မထွက်တာ တံစဉ်ကို လွတ်သွားတာ၊ ရိတ်ကို မရိတ်ရတော့တာ။ ၃၀၀ လောက် ထွက်ရမှာကို ၁၅၀ လောက်ပဲ ထွက်တယ်။ ၃၀၀ လောက် မှန်းထားတဲ့ဟာကို တကယ့်တကယ်လည်း ရိတ်ရော စပါး တင်း ၁၅၀ ပဲ ရတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုးစပါးများကို စတင်ရိတ်သိမ်းနေကြပြီဖြစ်ပြီး စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၅ သိန်း ဈေးနှုန်း ရှိနေကြောင်း၊ ပြီးခဲ့သည့်နှစ်ထက် ငွေကျပ် ၁ သိန်းခန့် ဈေးနှုန်း မြင့်တက်လျက် ရှိသည်။

သို့သော်လည်း ယခုနှစ်တွင် စိုက်ပျိုးစရိတ် မြင့်တက်ခဲ့သည့်အတွက် အကျိုးအမြတ်ရရှိမှု အနည်းငယ်သာ ရှိသည်ဟု တောင်သူများက ပြောသည်။