CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၄

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်အတွက် မည်သည့်ကဏ္ဍများတွင် ဖိတ်ခေါ်သင့်လဲဆိုသည့်အပေါ် အစိုးရဘက်ကစဉ်းစားသင့်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ထောက်ပြကြသည်။

အိန္ဒိယနိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာ၊ ပညာရေးနှင့် ဆေးပညာပိုင်းဆိုင်ရာတွင် ကျွမ်းကျင်မှုရှိသည့်အတွက် ထိုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာစေရန် ဖိတ်ခေါ်သင့်သည်ဟု ၎င်းတို့က ထောက်ပြကြသည်။

မြန်မာနိုင်ငံအတွင်းရှိ လူငယ်များအတွက် နည်းပညာအကူအညီ ရရှိမည်ဆိုပါက အကျိုးအမြတ်ရှိကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူတို့ train သွားရင်တော့ IT လိုဟာမျိုး လုပ်လို့ရတာပေါ့။ ကျနော့် ဘဝအတွေ့အကြုံအရ အိန္ဒိယတွေက IT ကို အရမ်းစွန့်စားတယ်၊ တော်လည်းတော်တယ်။ တော်တယ်ဆိုတာ ဟိုက်ဒရာဘက်ဆိုရင် ၁၉၉၅ ကစပြီးတော့ window 95 ကစပြီးတော့ နောက်ပိုင်း အကုန်လုံးသည် အမေရိကား(ကန်)မှာ ရေးတာမဟုတ်ဘူး။ အိန္ဒိယမှာ ရေးတာ အဲဒီဆော့ဝဲလ်တွေ အကုန်လုံးက။ ဆိုတော့ IT လိုဟာမျိုး လုပ်လို့ရတာပေါ့။ တစ်ခုရှိတာတော့ မြန်မာပြည်က ကွန်ပျူတာတက္ကသိုလ်တွေက သူတို့ ဘယ်လောက်ထိ သင်နိုင်မလဲဆိုတာတော့ မသိဘူးလေ။ သို့သော်လည်း IT ဆိုတာလည်း လူတိုင်းအတွက်မှ မလိုတာ။ ဒါပေမယ့် ပိုက်ဆံ အရမ်းရတယ်။ လူ ၁၀၀၀ လောက် မွေးထုတ်ပေးနိုင်ရင်ကိုက တိုင်းပြည်အတွက် အများကြီး အလုပ်ဖြစ်သွားပြီပေါ့လေ။ တာတာအနေနဲ့ကတော့ တအားကြီး တိုယိုတာတို့လို တအားကြီး မပေါက်ပေမယ့် ကမ္ဘာ့အဆင့်မှာ သူက level တစ်ခုအနေနဲ့ မာတာတို့၊ ကြာရှည်ခံတာတို့ နာမည်ရှိတာပဲလေ။ ဒါမျိုးတွေ သူလုပ်လို့ရတာပေါ့။ နောက်တစ်ခုက လုပ်လို့ရတာ ဘာရှိလဲဆို ရင် ကမ္ဘာမှာ အိန္ဒိယရဲ့ ပညာရေးက နောက်မကျသွားဘူး။ အခုဆိုကြပါစို့ ကျောက်ကပ်လောက၊ ဆေးပညာ လောကဆို အိန္ဒိယက Top ထဲမှာ ပါတာ။ ဥပမာ ယိုးဒယားက ဘော်တွန်ကရက် ဆေးရုံဆိုရင် ကျောက်ကပ်ဆေး တာ နာမည်ကြီးတယ်၊ ခွဲတာအကုန် အိန္ဒိယဆရာဝန်တွေချည်းပဲ။ ဆေးပညာနဲ့ဆိုင်တဲ့ လုပ်ငန်းတွေလည်း ဖက်စပ် လုပ်လို့ရတာပေါ့လေ။ နည်းပညာက အိန္ဒိယက မြင့်တဲ့အထဲ ပါတာပေါ့။ အဲဒီတော့ နည်းပညာနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေမှာ Investment လုပ်လို့ရတာပေါ့” ဟု ပြောသည်။

ကုလားတန်မြစ်စီမံကိန်း တံတားဆောက်လုပ်မှုကို ဖော်ပြထားစဉ်

ယခင်က မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် စတီးလ် ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ ရှိသော်လည်း နည်းပါးကြောင်း၊ လက်ရှိ ထင်ရှားနေသည့် ရခိုင်နှင့်ချင်း ပြည်နယ်ရှိ ကုလားတန်မြစ်ကမ်း စီမံကိန်းသည်လည်း နိုင်ငံရေး အခြေအနေများကြောင့် ရပ်တန့်လျက် ရှိနေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် နယ်မြေတည်ငြိမ်မှု အခြေအနေများကြောင့်လည်း အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံ မှုသည် နည်းပါးလျက်ရှိနေကြောင်း၊ သို့သော်လည်း လက်ရှိတွင် မြန်မာအစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်း ကြောင့် ရင်းနှီးမြှပ်နှံမှု ဝင်ရောက်လာနိုင်သည့် အလားအလာ ရှိနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက  ထောက်ပြကြသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဖြင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့်အပြင် ထိုနိုင်ငံ ၂ နိုင်ငံမှ ခရီးသွား ဝင်ရောက်မှုလည်း မြင့်မားသည့်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လာအောင် ကြိုးပမ်းသင့် ကြောင်း၊ ထိုသို့ လုပ်နိုင်ပါက တိုင်းပြည်၏ ဝင်ငွေလည်း မြင့်တက်လာမည်ဖြစ်ကြောင်း ဝါရင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၂ ခုနှစ်၊ မတ်လက စစ်တွေဆိပ်ကမ်း တည်ဆောက်နေစဉ်

၎င်းက “ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေကတော့ သူတို့မှာ အင်အားရှိပါတယ်။ မြန်မာပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ခိုင်မာမယ်၊ အာမခံ ပေးမယ်ဆိုရင်တော့ လာကြမှာပါ။ အထူးသဖြင့် tourism ကတော့ လုပ်နိုင်ရင် လွယ်လွယ်နဲ့ ငွေပေါ်နိုင်တယ်ပေါ့နော်။ လက်ရှိ Infrastructura တွေ ပြည့်စုံဖို့တော့ လိုတာပေါ့နော်။ အခု tourism မှာ အဓိက ကြုံတွေ့နေတာတော့ safe(လုံခြုံမှု)မဖြစ်တာရယ်၊ ဒေသတွေ သွားဖို့ကလည်း ဘောင်ကျဉ်းလာတယ်ပေါ့နော်။ ငပလီဘက်ဆို ပိတ်လာပြီ၊ ချင်းတို့၊ ကယားဘက်ဆို ကြာခဲ့ပြီ။ ကချင်လည်း မသေချာတော့ဘူး။ ရှမ်းဆိုတာလည်း မသေချာတော့ဘူး။ အဲဒီလို အခြေအနေမှာ အင်းလေးလည်း ရေဘေးဒုက္ခနဲ့တွေ့လို့ သွားဖို့က ကျဉ်းလာတယ်၊ ကျဉ်းလာတဲ့အချိန်မှာ မီးပျက်တဲ့ကိစ္စ၊ လောင်စာဆီတွေ အလုံအလောက်မရလို့ ဈေးတွေကြီးတဲ့ အခါကျတော့ ဟိုတယ်တွေမှာလည်း ပိတ်ထားရတယ်ပေါ့နော်၊ အဲဒါတွေသာ ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ tourism က အလွယ်တကူနဲ့ ပြန်ပြီးတော့ GDP က မြှင့်တင်နိုင်မယ့် လုပ်ငန်းဖြစ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်း အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီး တစ်ခုဖြစ်သည့် ကုလားတန်မြစ်ဘက်စုံသုံး စီးမံကိန်းကို အကာအကွယ်များ ပေးရန်အတွက်ကိုလည်း ပြီးခဲ့သည့် ဇွန်လတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့ သည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြားတွင် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် နည်းပါးသော်လည်း မြန်မာနိုင်ငံမှ စိုက်ပျိုးသည့် မတ်ပဲ အပါအဝင် ပဲမျိုးစုံကို နှစ်နိုင်ငံသဘောတူစာချုပ် G to G စနစ်ဖြင့် အိန္ဒိယနိုင်ငံက နှစ်စဉ် တန်ချိန် အမြောက်အများ ကုန်သွယ်လျက်ရှိနေသည်။