CNI International News

နယူးယောက်၊ မတ်လ ၃၁

ထိရှလွယ်မှု အမြင့်ဆုံးသော အမေရိကန်ခရီးစဉ်တွင် ထိုင်ဝမ်၏ ခိုင်မာမှုက ကမ္ဘာ့လုံခြုံရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က ပြောကြောင်း အေပီက ဖော်ပြခဲ့သည်။

ဆိုင်အင်ဝမ်၏ အမေရိကန် ခရီးစဉ်ကို တရုတ်ဘက်မှ ဒေါသဖြစ်နေပြီး ပြင်းထန်စွာ တုန့်ပြန်သွားမည်ဟု သတိပေး မှုများ ရှိနေချိန်တွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတဆိုင်အင်ဝမ် (Tsai Ing-wen) ၏ အမေရိကန် ခရီးစဉ်သည် ခရီးစဉ် အကူးအပြောင်းပြုလုပ်ရန် အတွက်သာ ဖြစ်သည်ဟု ထိုင်ဝမ်အစိုးရဘက်က ပြောသော်လည်း သမ္မတသည် အမေရိကတိုက် အလယ်ပိုင်းနိုင်ငံများသို့ မသွားခင် သူမ၏ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့ အစီအစဉ်များ အားလုံးကို ထုတ်ပြန်ခြင်း မရှိပေ။

တရုတ်အစိုးရအတွက် ပို၍ ဒေါသဖြစ်စေသည်မှာ ဆိုင်သည် အမေရိကန် ခရီးစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီ (Kevin McCarthy) နှင့် တွေ့ဆုံနိုင်ခြေ ရှိနေမှုပင် ဖြစ်သည်။

ခရီးစဉ်၏ ထိလွယ်ရှလွယ်ဖြစ်မှု အခြေအနေအရ ဆိုင်သည် သူမ၏ ခရီးစဉ်အကြောင်းနှင့် ပတ်သက်၍ အနည်းငယ်သာ လူသိရှင်ကြား ထုတ်ပြန်ထားပြီး ကြာသပတေးနေ့က လုပ်ဆောင်ချက်များကိုလည်း မီဒီယာများသို့ အသိပေးခဲ့ခြင်း မရှိပေ။

ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်ကို ထောက်ခံကြသူများကိုတွေ့ရစဉ်

တရုတ်အစိုးရက ထိုင်ဝမ်ကျွန်းအား ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားသည့်အတွက် အမေရိကန်နှင့် ထိုင်ဝမ် အရာရှိ များ တွေ့ဆုံခြင်းက အချုပ်အခြာအာဏာအတွက် စိန်ခေါ်မှုအဖြစ် ရှုမြင်လျက်ရှိသည်။

ထို့ကြောင့် ဆိုင်၏ ယခုခရီးစဉ်သည် အမေရိကန်၊ ထိုင်ဝမ် နှစ်နိုင်ငံစလုံးအတွက် ဗျာများစေသည့် အရာလည်း ဖြစ်သည်။

ကြိုတင်ပြင်ဆင်မှုများ ရှိလျက်နှင့်ပင် သမ္မတဆိုင်၏ ခရီးစဉ်သည် တင်းမာမှုများကို ထပ်မံမြင့်တက်လာစေသည်။

တရုတ်၊ အမေရိကန်နှင့် မဟာမိတ်များသည် အင်ဒို-ပစိဖိတ်ဒေသတွင် ထိပ်တိုက် တွေ့ဆုံမှုတစ်ခုအတွက် စစ်ဘက်ဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင်နေသည့် အချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့ လက်အောက်သို့ သွတ်သွင်းရန် ဆုံးဖြတ်ထားပြီး လိုအပ်ပါက စစ်အင်အားကို အသုံးပြုမည်ဟု ကြေညာထားသည်။

ထို့ကြောင့် ထိုင်ဝမ်သည် ဒေသတွင်း ပေါက်ကွဲမှုများကို ဖြစ်စေသည့် အဓိက အကြောင်းအရင်းများမှ တစ်ခုလည်း ဖြစ်သည်။

လာမည့် သီတင်းပတ်တွင် ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့် ဆိုင်နှင့် မက္ကာသီတို့၏ တွေ့ဆုံမှုအပေါ် တရုတ် အရာရှိ များက ဒေါသတကြီး စောင့်ကြည့်လျက်ရှိသည်။

တွေ့ဆုံဖြစ်မည်ဆိုလျှင် ယင်းက အမေရိကန်မြေပေါ်တွင် အမေရိကန်နှင့်ထိုင်ဝမ် ထိပ်တန်းအရာရှိများ ပထမဆုံး အကြိမ် လူချင်းတွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်မည်လည်း ဖြစ်သည်။

ဆိုင်သည် နယူးယောက်မြို့သို့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ကာ အမေရိကန်ရှိ ထိုင်ဝမ်သံတမန်နှင့် ရိုက်ကူးထားသည့် ပုံတစ်ခုကို တွစ်တာတွင် တင်ခဲ့သည်။

အကြီးစား သစ္စာဖောက်မ ဆိုင်အင်ဝမ် ဟူသော စာတန်းကို တရုတ်ဆန္ဒပြသူ တစ်ဦးက ကိုင်ဆောင်ထားစဉ်

သတင်းသမားများ၏ မေးမြန်းရန် ချဉ်းကပ်မှုတွင်လည်း တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

နယူးယောက်မြို့ရှိ ထိုင်ဝမ်ပြည်သူများနှင့် တွေ့ဆုံရာတွင် သူမ၏ ခရီးစဉ်အတွက် လုံခြုံရေးပေးသော အမေရိကန်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြော၍ ထိုင်ဝမ်များ ညီညွှတ်ကြရန် တိုက်တွန်းခဲ့သည်။

ထိုင်ဝမ်အတွက် ဘေးကင်းလေ၊ ကမ္ဘာကြီးအတွက် အန္တရာယ်ကင်းလေ ဖြစ်မည်ဟုလည်း သူမက ပြောသည်။

ဒီမိုကရေစီ လမ်းကြောင်းပေါ် ရှိနေစေရေးအတွက် ဒီမိုကရက်တစ် မိတ်ဖက်များနှင့် ဆက်လက် လက်တွဲသွားမည် ဟု သူမက ပြောသည်။

ယင်းက တရုတ်ကွန်မြူနစ် အစိုးရ၏ သဘောထားနှင့် လုံးဝ ဆန့်ကျင်နေသည်။ ဆိုင်အား ထိုင်ဝမ်ပြည်သူများက လာရောက် ကြိုဆိုခဲ့ကြသလို တရုတ်ဆန္ဒပြသူများကလည်း သူမ၏အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်။

အကြီးစား သစ္စာဖောက်မ ဆိုင်အင်ဝမ် ဟူသော စာတန်းကို တရုတ်ဆန္ဒပြသူ တစ်ဦးက ကိုင်ဆောင်ထားသည်ကို လည်း တွေ့ရသည်။

Source: AP