CNI International News

မော်စကို၊ မတ်လ ၃၁

The Wall Street Journal မှ အမေရိကန်သတင်းထောက်တစ်ဦးကို ရုရှားလုံခြုံရေးတပ်ဖွဲ့က သူလျှိုမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။ ယင်းသည် စစ်အေးကာလနောက်ပိုင်း အမေရိကန်သတင်း ထောက်ကို သူလျှိုလုပ်မှုဖြင့် ပထမဆုံးအကြိမ် ဖမ်းဆီးမှုလည်းဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် အီဗန်ဂါ့ရှ်ကိုဗစ်ချ် (Evan Gershkovich) အား ရုရှား၏ စတုတ္တအကြီးဆုံးမြို့ဖြစ်သော ယီကာတီရန်ဘာ့ဂျ် (Yekaterinburg) မြို့တွင် ဖမ်းဆီးခဲ့သည်။ ၎င်းသည် လျှို့ဝှက်သတင်းများကို ရယူရန် ကြိုးပမ်းခဲ့သည်ဟု ရုရှားဖက်ဒရယ်လုံခြုံရေးအဖွဲ့က စွပ်စွဲသည်။

FSB ဟု ထင်ရှားသော အဆိုပါအဖွဲ့သည် ဆိုဗီယက်ခေတ် KGB နေရာအား အဓိကဝင်ရောက်ဆက်ခံသည့် အင်အားကြီး ပြည်တွင်းလုံခြုံရေးရေးအေဂျင်စီတစ်ခုလည်း ဖြစ်သည်။ ဂါ့ရှ်ကိုဗစ်ချ်သည် ရုရှား၏ စစ်ဘက် စက်မှု လုပ်ငန်းတစ်ခုမှ လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့်သတင်းများကို စုဆောင်းရန် အမေရိကန်ဘက်မှ ခိုင်းစေ ခြင်းခံထားရသူဖြစ်သည်ဟု FSB က စွပ်စွဲထားသည်။

ဖမ်းဆီးခံထားရသည့် Wall Street Journal သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ချ်၏ရှေ့နေ Daniil Berman onf ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Lefortovsky တရားရုံးအနီး၌ သတင်းထောက်များနှင့် အမေးအဖြေ ပြုလုပ်နေစဉ် (ဓါတ်ပုံ-အေပီ)

သတင်းဌာနဘက်က ထိုစွပ်စွဲမှုများကို လုံးဝလက်မခံဘဲ သတင်းထောက်ကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆို ထားသည်။ သတင်းထောက်၊ သူ၏မိသားစုနှင့် တသားတည်းရပ်တည်ကြောင်းလည်း သတင်းဌာနဘက်မှ ထုတ် ပြန်ထားသည်။ ယခုဖမ်းဆီးမှုသည် ရုရှားနှင့် အနောက်အုပ်စုတို့အကြား တင်းမာမှုများရှိနေချိန်တွင် သာမက ရုရှားအစိုးရဘက်မှ အတိုက်အခံများ၊ လွှတ်လပ်သော သတင်းသမားများနှင့် လူမှုရေးအဖွဲ့အစည်းများအပေါ် ဖိနှိပ်မှုများမြင့်တက်လာချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆိုဗီယက်ခေတ်မှ စတင်ကာ ရုရှား၏ဖိနှိပ်ချုပ်ခြယ်မှုများသည် ကြိုတင်ခန့်မှန်း၍ မရခဲ့ပေ။ ရုရှားအစိုးရသည် သတင်းစာပညာနှင့် အသက်မွေးမှုအပြင် စစ်ကိုဆန့်ကျင်သည့် သာမာန် ရုရှားပြည်သူများကိုပါ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပုံရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

ဂါ့ရှ်ကိုဗစ်ချ်သည် ၁၉၈၆ ခုနှစ် နီကိုးလပ်စ် ဒန်နီလော့ဖ် (Nocholas Daniloff) နောက်ပိုင်း သူလျှိုမှုဖြင့် ဖမ်းဆီး ခံရသည့်ပထမဆုံးသော အမေရိကန်သတင်းထောက်ဖြစ်သည်။ ဒန်နီလော့ဖ်ကို KGB က ဖမ်းဆီးခဲ့ခြင်း ဖြစ်သော် လည်း ရက် ၂၀ အကြာတွင် အကျဉ်းသားလဲလှယ်မှုအစီအစဉ်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

Wall Street Journal သတင်းထောက် အီဗန်ဂါ့ရှ်ကိုဗစ်ချ်ကို Lefortovsky တရားရုံးမှ အရာရှိများက မတ်လ ၃၀ ရက်နေ့ ကြာသပတေးနေ့က ခေါ်ထုတ်လာစဉ်(ဓါတ်ပုံ-အေပီ)

သူလျှိုလုပ်မှုဖြင့် FBI က ဖမ်းဆီးထားသော ဆိုဗီယက်ပြည်ထောင်စုကုလသမဂ္ဂအဖွဲ့မှ ဝန်ထမ်းတစ်ဦးနှင့် လဲ လှယ်ခဲ့ခြင်းဖြစ်သည်။ ကြာသပတေးနေ့ ကြားနာစစ်ဆေးမှုတွင် ဂါ့ရှ်ကိုဗစ်ချ်ကို စုံစမ်းစစ်ဆေးမှုရပ်ဆိုင်းထားချိန်၌ ထောင်ထဲထည့်ထားသင့်သည်ဟု မော်စကိုတရားရုံးတစ်ခုက လျင်လျင်မြန်မြန် အမိန့်ချမှတ်ခဲ့သည်။

ယခင်က အမေရိကန်နိုင်ငံသား အကျဉ်းသားများကို အကျဉ်းသားလဲလှယ်မှုဖြင့် လွှတ်ပေးခဲ့သော်လည်း ယခုတစ် ကြိမ်ဖြစ်ရပ်တွင် အကျဉ်းသားလဲလှယ်ရန် သဘောတူညီချက်ရရှိရေးအတွက် ပြောရန်စောလွန်းနေသည်ဟု ရုရှား အရာရှိတစ်ဦးက ပြောသည်။

Source:AP