CNI International News

ဘရာစီးလီးယား၊ မတ်လ ၃၁

အမေရိကန်တွင် သုံးလကြာ နေထိုင်ပြီးနောက် ဘရာဇီးလ်သမ္မတဟောင်း ဂျဲလ်ဘော်ဆိုနာရို (Jair Bolsonaro) သည် ကြာသပတေးနေ့တွင် ဘရာဇီးလ်သို့ ပြန်လည်ရောက်ရှိလာကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

လက်ယာစွန်းသမ္မတဟောင်းကို ထောက်ခံသူ ရာချီက လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့သည်။

လာရောက် ကြိုဆိုသူ အရေအတွက်သည် ရဲတပ်ဖွဲ့မှ ခန့်မှန်းထားသည်ထက် ပို၍ နည်းပါးနေပြီး လက်ဝဲ သမ္မတ လူးဝစ္စ အင်နာစီယို လူလာ (Luiz Inacio Lula) ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက ယခုကဲ့သို့ ကြိုဆိုသူ နည်းပါးနေခြင်းမှာ ၎င်း၏ခေါင်းဆောင်မှု အားနည်းလာခြင်းကို ပြသည်ဟု ပြောသည်။

ဘော်ဆိုနာရိုသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ယခုအချိန်အထိ တရားဝင် အသိအမှတ် ပြုသေးသူ မဟုတ်ပေ။ လူလာအစိုးရကို အတိုက်အခံအဖြစ် ဦးဆောင်သွားမည်ဟု ပြောသည်။

ထို့ကြောင့် လက်ရှိအစိုးရအတွက် စိန်ခေါ်မှုများမှာလည်း မြင့်တက်လာပြီ ဖြစ်သည်။

ဘရာဇီးလ်အလံများကို ချုံထားသော ထောက်ခံသူများက နိုင်ငံတော်သီချင်းကို သီဆိုခြင်း၊ “ ဂန္တဝင် ပုဂ္ဂိုလ်” ဟု အော်ဟစ်ခြင်းဖြင့် ဘော်ဆိုနာရို လေဆိပ်သို့ ရောက်ရှိလာခြင်းကို ကြိုဆိုခဲ့ကြသည်။

လက်ဝဲ သမ္မတ လူးဝစ္စ အင်နာစီယို လူလာကိုတွေ့ရစဉ်

လေဆိပ်မှတစ်ဆင့် ၎င်းသည် ပါတီရုံးခန်းသို့ တန်းသွားခဲ့ပြီး လစ်ဘရယ်ပါတီရုံးချုပ်မှ webcast တိုက်ရိုက်ပြော ကြားမှုတွင် ကွန်ဆာဗေးတစ်များသည် လွှတ်တော်ကို ထိန်းချုပ်ထားကာ လူလာ၏ လူနည်းစု အစိုးရသည် တိုင်းပြည်၏ အနာဂတ်အတွက် ကောင်းမွန်သော အရာများကို လုပ်ကိုင်နိုင်စွမ်းမရှိဟု ပြောသည်။

ထို့အပြင် သမ္မတဟောင်းသည် ဆော်ဒီဘုရင်ထံမှ လက်ဆောင်ရရှိသော ဒေါ်လာ ၃ ဒသမ ၂ သန်းတန် ရတနာများ ကို နိုင်ငံတော်သို့ မပေးဘဲ ရယူထားသည်ဆိုသည့် စွပ်စွဲချက်များကိုလည်း ငြင်းဆိုခဲ့သည်။

ထိုစွပ်စွဲချက်များသည် အကျင့်မပျက်သော နိုင်ငံရေးသမားဟု ဘော်ဆိုနာရို၏ ကိုယ့်ကိုယ် ပြောဆိုချက်ကို မှေးမှိန် စေခဲ့သည့် ကိစ္စရပ်လည်း ဖြစ်သည်။ ဘော်ဆိုနာရိုသည် ဇန်နဝါရီ ၁ ရက်က သမ္မတစလွယ်အား လူလာသို့ လွဲပေး ရန် နှစ်ရက်အလိုတွင် အမေရိကန်သို့ ထွက်ခွာခဲ့သူ ဖြစ်သည်။

အနားယူရန် လိုအပ်ချက်ကြောင့်ဟု အကြောင်းပြခဲ့သော်လည်း ဘရာဇီးလ်တွင် တရားရင်ဆိုင်ရမည် စိုးရိမ်သော ကြောင့် ထွက်ပြေးခြင်း ဖြစ်သည်ဟု ပြိုင်ဘက်များက စွပ်စွဲထားသည်။

လက်ရှိတွင် သမ္မတဟောင်းသည် ဘရာဇီးလ် မဲပေးစနစ်များကို ဝေဖန်တိုက်ခိုက်ခြင်း၊ ဇန်နဝါရီ ၈ ရက် အစိုးရ အဆောက်အဦများအား ဝင်ရောက်စီးနင်းမှုတွင် တရားမဝင် ပါဝင်နေမှု စသည့် အကြောင်းအရာများဖြင့် အဓိက တရားရင်ဆိုင်နေရသည်။

ဘော်ဆိုနာရို ထောက်ခံသူများကို ရဲက ဖမ်းဆီးနေစဉ်

ဆန္ဒပြသူများ၏ အကြမ်းဖက်မှုများသည် သူ့အလိုလို ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ ကြိုတင်ကြံစည်ထားခြင်း မရှိကြောင်း ဘော်ဆိုနာရိုက ပြောသော်လည်း ၎င်းကို ဝေဖန်သူများဘက်က ထိုဖြစ်ရပ်များသည် စစ်တပ်ကို အာဏာသိမ်းစေရန် ကြိုုးပမ်းမှု တစ်ခုသာ ဖြစ်သည်ဟု ဆက်လက် ဝေဖန်လျက်ရှိသည်။

ဘော်ဆိုနာရိုသည် ယခုလ ဝါရှင်တန်တွင် လုပ်ဆောင်ခဲ့သည့် ကွန်ဆာဗေးတစ် နိုင်ငံရေး လုပ်ဆောင်ချက် ညီလာခံသို့ တက်ရောက်ခဲ့သည်။

ယင်းတွင် လူလာ အနိုင်ရရှိခဲ့သည့် အောက်တိုဘာ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ မေးမြန်းခံခဲ့ရသော်လည်း ဘရာဇီးလ်၌ ၎င်း၏ လုပ်ဆောင်ချက်များ မပြီးဆုံးသေးဟု ပြန်လည် ဖြေကြားခဲ့သည်။

Source: Reuters