CNI International News
ဘရာစီးလီးယား၊ ဒီဇင်ဘာ ၁၄
လက်ယာစွန်း သမ္မတဟောင်း ဂျဲဘော်ဆွန်နာရို (Jair Bolsonaro)ကို ထောက်ခံသူများက ရဲဌာချုပ်ကို တိုက်ခိုက် ရန် ကြိုးစားခဲ့သည်ဟု ဘရာစီးလီးယား ရဲတပ်ဖွဲ့က ပြောခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြသည်။
ယင်းမှာ ဘော်ဆွန်နာရိုအားထောက်ခံသည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် တင်းမားမှု များ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ဘော်ဆွန်နာရိုသည် ပြီးခဲ့သည့်လ ရွေးကောက်ပွဲတွင်လက်ဝဲယိမ်း ပြိုင်ဘက် လူးဝစ္စ အီနာစီယို လူလာ (Luiz Inacio Lula) ကို ရှုံးနိမ့်ခဲ့သော်လည်း ၎င်းကိုထောက်ခံသူများက ရလာဒ်ကိုအသိအမှတ်ပြုရန် ငြင်းဆန်နေကြ သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
ရဲအရာရှိတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်နေစဉ်(ဓါတ်ပုံ-ရိုက်တာ)
၎င်းတို့သည် ကားများကို မီးတင်ရှို့ကာ လမ်းများကိုပိတ်ထားခဲ့သည်ဟုလည်း သိရသည်။ ဆန္ဒပြသူများသည် တိုင်းရင်းသားခေါင်းဆောင် ဟိုဆေးအကာစီယို ဆီရီရီ ရှီဗန်တီ (Jose Acacio Serere Xavante) ကို ထိန်းသိမ်း ထားရာ ဖက်ဒရယ်ရဲတပ်ဖွဲ့ အဆောက်အဦကို ကျူးကျော်ရန် ကြိုးပမ်းခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် တွင်ပါဝင်သည်။
ဟိုဆေးသည် ဒီမိုကရေစီနည်းလမ်းများနှင့်ဆန့်ကျင်သည့် လုပ်ဆောင်ချက်များကြောင့် ၎င်းကို ၁၀ ရက် ထိန်းသိမ်း ထားရမည်ဟု ဘရာဇီး ဗဟိုတရားရုံးချုပ်က ပြောသည်။ ဟိုဆေးသည် နိုင်ငံ၏တရားဥပဒေစိုးမိုးရေးကို ဖျက်ဆီး ရန်၊ ရွေးကောက်ခံသမ္မတနှင့် ဒုသမ္မတတို့၏ ကျမ်းကျိမ်ပွဲများကို နှောင့်ယှက်ရန် လူများကို စည်းရုံးလှုံ့ဆော်ခဲ့ သည်ဟု အစိုးရရှေ့နေ များက ပြောသော်လည်း မည်သို့ဆောင်ရွက်ခဲ့သည်ဆိုခြင်းနှင့် ပတ်သတ်၍ အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။
ဆန္ဒပြသူများက ဘတ်စ်ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်(ဓါတ်ပုံ-ရိုက်တာ)
ဆန္ဒပြသူများက ရဲတပ်ဖွဲ့ရုံးချုပ်တွင် စုဝေးစဉ် ထိန်းသိမ်းခံထားရသော ဟိုဆေးက ရဲတပ်ဖွဲ့များနှင့် ထိတွေ့ခြင်း၊ တိုက်ခိုက်ခြင်းနှင့် ထိပ်တိုက်တွေ့ဆုံခြင်းတို့ကို ရှောင်ကျဉ်ရန် ထိန်းသိမ်းခံထားရာမှ ဗီဒီယိုဖြင့်ထုတ်လွှင့် တောင်းဆိုခဲ့သည်။
စုဝေးနေသော ဆန္ဒပြသူများကို လူစုခွဲရန် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်ဆန်များကိုအသုံးပြုခဲ့ပြီး ဘတ်စ်ကား ၅ စီးနှင့် ကား ၈ စီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က ပြောသည်။ ဆန္ဒပြသူများကြောင့် အရေးပါသောလမ်းမများသည် အင်္ဂါနေ့အထိ ပိတ်ထားရဆဲ ဖြစ်သည်။
Source:BBC