CNI International News

ဒါကာ၊ ဒီဇင်ဘာ ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးမားဆုံး မူဆလင်ပါတီ ဂျာမာအတ်-အီး-အစ္စလာမ္မီပါတီ၏ ခေါင်းဆောင် ရှာဖီကာ ရာမန်(Shafiqur Rahman) ဖမ်းဆီး ခံခဲ့ရသည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ပါတီအနေဖြင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ရာထူးမှ နုတ်ထွက်ရေး အတိုက်အခံများ ဦးဆောင်သော ဆန္ဒပြပွဲ များတွင် ပါဝင်မည်ဟု ကြေညာခဲ့ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ပါတီခေါင်းဆောင် ရှာဖီကာ ရာမန် (Shafiqur Rahman) သည် ဒီဇင်ဘာ ၁၃ ရက် မနက် ၁ နာရီတွင် ၎င်း၏ နေအိမ်၌ ဖမ်းဆီးခံခဲ့ရသည်ဟု ပါတီ၏ယာယီအတွင်းရေးမှူးချုပ် မြူလာနာ အေတီအမ် မာဆမ် (Maulana ATM Masum)က ပြောသည်။

ထိုသို့ဖ မ်းဆီးမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချ ကန့်ကွက်ကြောင်းနှင့် ၎င်းကို ချက်ခြင်း ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း မာဆမ်က ပြောသည်။

ရှိုတ်ဟာစီနာ ရာထူးက ဆင်းပေးရေး ဆန္ဒနေကြစဉ် (GETTY IMAGES)

နိုင်ငံ၏ တတိယအင်အား အကြီးမားဆုံးနှင့် ၂၀၁၂ ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ပိတ်ခံခဲ့ရသော ဂျာမာအတ် ပါတီသည် ပင်မအတိုက်အခံပါတီ BNP အပြင် ၎င်း၏ မိတ်ဖက်ပါတီများနှင့် နှစ်ပေါင်းများစွာ မဟာမိတ်များ ဖြစ်ခဲ့သည်။

သို့သော် ဟာစီနာ အာဏာရလာခဲ့ပြီးနောက် ပါတီခေါင်းဆောင် အားလုံး ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၁ ပါကစ္စတန်စစ်ပွဲ အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုအတွက် တရားစွဲခံခဲ့ရသည်။

ထိုဖြစ်ရပ်များကြောင့် ၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်အတွင်း ပါတီထိပ်တန်း ခေါင်းဆောင် ၅ ဦး ကြိုးပေးခံခဲ့ရသည်။

အဆိုပါ ကွပ်မျက်မှုများကို ဆန့်ကျင်ဆန္ဒပြခဲ့သည့် ပါတီဝင် ရာနှင့်ချီ ပစ်သတ်ခံခဲ့ရပြီး ထောင်နှင့်ချီ ဖမ်းဆီး ထိမ်းသိမ်း ခံခဲ့ရသည်။

ရှိုတ်ဟာစီနာ ရာထူးက ဆင်းပေးရေး ဆန္ဒနေကြသူများကို လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ် ဖြိုခွင်းနေစဉ် (GETTY IMAGES)

ထိုတရားစီရင်မှုများတွင် နိုင်ငံရေး အကြောင်းပြချက်များ ပါဝင်နေပြီး ၎င်းသည် ပါတီခေါင်းဆောင်များကို နှိပ်ကွပ်သည့် အစီအစဉ်၏ အစိတ်အပိုင်း ဖြစ်သည်ဟု ဂျာမာအတ်ပါတီက ပြောသည်။

တစ်ဖက်တွင် ဒီမိုကရေစီ၊ ရွေးကောက်ပွဲဟု တွင်တွင်ပြောနေသော်လည်း တစ်ဖက်မှာတော့ အတိုက်အခံများကို ဖိနှိပ်နေခြင်းအတွက် ၎င်းတို့သည် ဒီမိုကရေစီစနစ်ကို အယုံအကြည် မရှိသူများဟု ဂျမာအတ်ပါတီက ထုတ်ပြန် ခဲ့ သည်။

စနေနေ့မှ စတင်ကာ BNP ပါတီဝင်များနှင့် ခေါင်းဆောင်များ ဦးဆောင်ကာ လောင်စာဆီဈေး မြင့်မားမှု၊ လူနေမှု စရိတ် ကြီးမြင့်လာမှုများအတွက် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။ အတိုက်အခံများဘက်မှ ဟာဆီနာကို ရာထူးမှ ဆင်း ပေးရန်၊ ယာယီအစိုးရတစ်ရပ်မှ ဦးဆောင်ကာ လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲ ကျင်းပရန် တောင်း ဆိုထားသည်။

Source: Al Jazeera