CNI International News
ဒါကာ ၊ ဇူလိုင် ၁၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) ကို ဖြုတ်ချနိုင်ခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်မှာ ၁ နှစ်နီးပါးသို့ ရောက်ရှိလာချိန်၌ သိသာထင်ရှားသော ပြုပြင် ပြောင်းလဲမှုများအား မတွေ့ရဘဲ အနည်းငယ်သာ ပြောင်းလဲမှုရှိသည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
နိုင်ငံရေးပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် သတ်မှတ်ရေးကဲ့သို့ အရေးကိစ္စများကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို အဖြေရှာ မတွေ့သေးပေ။
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ကမူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောကြားထားပြီး ကျန်ရှိသည့် ပြုပြင်ပြောင်းလဲရေး ကိစ္စများကို ရွေးကောက်ခံ အစိုးရက ဆက်လက် လုပ်ဆောင် လိမ့်မည်ဟု ဆိုသည်။
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ် (Muhammad Yunus) ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အဖွဲ့ကမူ အခြေခံဥပဒေ၊ တရားရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် အချိန်ပိုမို လိုအပ် သည့်အတွက် ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်ရန် ပိုမိုဆန္ဒရှိနေသည်။
ဆန္ဒပြနေကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို တွေ့ရစဉ်
လက်ရှိ အချိန်တွင် ဝန်ကြီးချုပ်သက်တမ်း ကန့်သတ်ရေး၊ လွှတ်တော်ဖွဲ့စည်းပုံနှင့် အမျိုးသမီးများအတွက် လွှတ်တော် နေရာများ ခွဲတမ်း ချမှတ်ရေးတို့၌ သဘောထားခြင်း မတိုက်ဆိုင်ကြဘဲ အငြင်းပွားနေဆဲဖြစ်သည်။
အမျိုးသား သဘောထားဆန္ဒကော်မရှင်(NCC)တွင် အင်စတီကျူးရှင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက် ပြီး ပါတီပေါင်း ၃၀ သည် မတ်လမှ ဇွန်လအတွင်း ဆွေးနွေးပွဲပေါင်း ၄၀ ကျော် ပြုလုပ်ခဲ့သော်လည်း မတိုးသာ၊ မဆုတ်သာ အခြေအနေ၌ ရှိနေဆဲဖြစ်သည်။
ဇွန်လကုန်ပိုင်းအထိ အစိုးရအဖွဲ့သစ်၏ ဦးစားပေး လုပ်ဆောင်ရမည့် အချက် ၉ ချက်အနက် ၂ ချက်ကိုသာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျန်သည့် ကိစ္စရပ်များကို ဖြေရှင်းရဦးမည်ဖြစ်သည။
ထို့ပြင် ဘာသာရေးနွှယ်သည့် ပါတီများ (ဥပမာ Jamaat-e-Islami-ဂျာမား အိစ် အစ္စလာမ်နှင့် Islami Andolan -အစ္စလာမ် အန်ဒိုလန်ပါတီများ) သည် နိုင်ငံတော် မူဝါဒများနှင့်ပတ်သက်ပြီး လစ်ဘရယ်အင်အားစုများနှင့် ပွတ်တိုက်မှုများ ဖြစ်ပွားနေဆဲဖြစ်သည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ မေလက ဝန်ကြီးချုပ်ဟောင်း ဟာစီနာ၏ ပါတီဖြစ်သည့် Awami League (အဝါမီလိဂ်)ပါတီကို တားမြစ်ပိတ်ပင်ခဲ့ခြင်းကြောင့် နိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သလို နိုင်ငံရေး အခင်းအကျင်းသည် ကျိုးပျက် လွယ်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။
Source: Nikkei Asia