CNI International News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၇
ရှေးယခင်ကတည်းက တန်ဆာ/တန်ရှန်း(Tangsa/Tangshang) နာဂလူမျိုးများသည် အရှေ့ဘက်တွင် Hukawng (ဟူးကောင်း)တောင်ကြားနှင့် ချင်းတွင်းမြေပြန့်လွင်ပြင်များမှ အနောက်ဘက်ရှိ Patkai Range(ပက်ကွိုင် တောင်တန်း) ၏ တောင်ခြေရှိ ကျယ်ပြန့်သော မြေပြန့်လွင်ပြင်များအထိ ကျယ်ပြောသည့် ဒေသတွင် နေထိုင်ခဲ့ကြ သည်။
အရှေ့ဘက် နယ်နိမိတ်များတွင် Tangsa/Tangshang များသည် ကချင်လူမျိုးများနှင့် ကာလကြာရှည်၊ ချစ်ခင် ရင်းနှီးမှုနှင့် ညီရင်းအစ်ကို ဆက်ဆံရေးများကို ထိန်းသိမ်းကာ နှစ်ပေါင်းထောင်ချီ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ပါသည်။
အနောက်ဘက်နှင့် မြောက်ဘက်တွင် Tangsa/Tangshang နာဂလူမျိုးများသည် အထက်အာသံ (Upper Assam) ဒေသရှိ Motok နှင့် Moran လူမျိုးများကဲ့သို့ တိုင်းရင်းသားလူမျိုးများ၊ မျက်မှောက်ခေတ် အာရုနာနာချယ် ပရာဒေ့ ရှ် (Arunachal Pradesh)၏ ဌာနေလူမျိုးများနှင့်အတူ ရင်းနှီးပြီး လှိုက်လှဲပျူငှာသည့် သမိုင်းဝင် ဆက်ဆံရေးများ ရှိခဲ့သည်။
အေဒီ ၁၂ ရာစုအတွင်း Chaolung Sukapha ( Chawkapha) ၏ ဦးဆောင်မှုအောက်တွင် Ahoms(အာဟုန်/ ရှမ်း) လူမျိုးများသည် လက်ရှိ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။
ကွယ်လွန်သွားပြီဖြစ်သည့် NSCN ဥက္ကဋ္ဌ Baba S.S. Khaplang ၊ ULFA-I ၏ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး Paresh Baruah နှင့် နှင့် နာဂတပ်မတော်၏ ဗိုလ်ချုပ် Ang Mai တို့ကို တွေ့ရစဉ်
ထိုလူမျိုးများသည် နာဂ နယ်နိမိတ်များကိုဖြတ်ပြီး Nongyan lake/Lake of No Return (ပြန်လမ်းမဲ့ရေကန်) နှင့် Pangsau Pass(ပန်ဆောင်ဒေသ) တောင်ကြားလမ်းတို့မှတဆင့် Patkai Range (ပက်ကွိုင်တောင်တန်း)ဒေသကို ဝင်ရောက်ခဲ့ကြ ကာ Ahom(အာဟုန်)ဘုရင့်နိုင်ငံ (လက်ရှိ အာသံပြည်နယ်)ကို ထူထောင်ခဲ့ကြသည်။
Ahom(အာဟုန်) အုပ်ချုပ်သူများသည် Ahom(အာဟုန်) နိုင်ငံနှင့် ကပ်ရက်ဒေသများတွင် နေထိုင်ကြသည့် နာဂ လူမျိုးများနှင့် ရင်းနှီးပြီး လေးစားမှုရှိသည့် ဆက်ဆံရေးကို ထိန်းသိမ်းခဲ့သည်။
ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့ချိန်တွင် မဟာမိတ်တပ်ဖွဲ့များသည် Stilwell(စတီးဝဲလ်)လမ်းမ (လီဒိုလမ်းဟုလည်း လူသိများ)ကို အာသံပြည်နယ်၊ လီဒိုမြို့မှစတင် တည်ဆောက်ခဲ့ကြသည်။
ထိုလမ်းမသည် Nongyan lake/Lake of No Return (ပြန်လမ်းမဲ့ရေကန်)နှင့် Pangsau Pass (ပန်ဆောင်ဒေသ) တောင်ကြားလမ်းတို့မှတဆင့် Patkai Range (ပက်ကွိုင်တောင်တန်း)ဒေသကို ဖြတ်သန်းဖောက်လုပ်ခဲ့ကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ဆက်သွယ်ထားခြင်းဖြစ်သည်။
ထိုမဟာဗျူဟာမြောက် လမ်းမသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ မြန်မာနိုင်ငံမြောက်ပိုင်း၊ မျက်မှောက်ခေတ် အိန္ဒိယ၏ အာသံနှင့် အာရုနာချယ်ပရာဒေ့ရှ် ပြည်နယ်တို့ကို ချိတ်ဆက်ထားသည့် သမိုင်းဝင် ရွှေ့ပြောင်းနေထိုင် ရေး၊ ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ နာဂလူမျိုးများ နေထိုင်သည့် United Base Area ဒေသအတွင်းရှိ NSCN-K နှင့် ULFA-I တို့ကြား ဆက်ဆံရေးသည် ၁၉၈၀ ပြည့်နှစ် အစောပိုင်း ကာလများကတည်းက စတင်ခဲ့သည်။
NSCN-K နှင့် ULFA-I တို့သည် ယခုဖျက်သိမ်း လိုက်ပြီဖြစ်သည့် အိန္ဒိယ-မြန်မာ တော်လှန်ရေးတပ်ဦး (IBRF) ကို ထူထောင်သည့် အဖွဲ့ဝင်များဖြစ်ပြီး နောက်ပိုင်းတွင် United National Liberation Front of WESEA (UNLF-WESEA) အဖွဲ့ထူထောင်မှုတွင် အဓိက ပါဝင်ခဲ့ကြသည်။
အိန္ဒိယရဲ့ တိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က သေဆုံးသွားတဲ့ ULFA-I ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး အာဆုကို တွေ့ရစဉ်
ထိုတော်လှန်ရေး မဟာမိတ်အဖွဲ့ကို NSCN ဥက္ကဋ္ဌ Baba Khaplang(ကပ္ပလန်)၏ လက်အောက်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အရှေ့တောင်အာရှမှ အခြားညီနောင် တော်လှန်ရေး အဖွဲ့များနှင့်အတူ ပူးပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။
ထိုမဟာမိတ်အဖွဲ့သည် အချုပ်အခြာအာဏာ အောင်မြင်စွာရရှိရေး စိတ်ကူးစိတ်သန်းဖြင့် စည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့ကြသည်။
နာဂလူမျိုးများနှင့် အာသံလူမျိုးများကြား သံယောဇဉ်သည် ခိုင်မြဲစွာ အမြစ်တွယ်နေသည့် ဆက်ဆံရေးဖြစ်ပြီး နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်း ရှိခဲ့သည်။
ကွယ်လွန်သွားပြီဖြစ်သည့် Baba Khaplang(ကပ္ပလန်)နှင့် ULFA-I ၏ ခေါင်းဆောင်များကြောင့် စည်းလုံးညီညွတ် မှု မြင့်တက်ခဲ့ခြင်းကို နောက်တက်လာမည့် မျိုးဆက်သစ်များအထိ အဓွန့်ရှည် တည်တံ့ခိုင်မြဲလိမ့်မည်ဟု မျှော်လင့် ထားပါသည်ဟု ကပ္ပလန်၏ မူကို ဆက်ခံထားသည့် NSCN-K/AM အဖွဲ့က ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ် မြို့နယ်၊ Hoyat(ဟိုယတ်)ကျေးရွာအနီး အခြေစိုက်ထားသည့် ULFA-I စခန်းကို အိန္ဒိယက ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ULFA-I ခေါင်းဆောင် ၃ ဦးနှင့် ရဲဘော် ၂ ဦး သေဆုံးခဲ့သည်။
ထို့နောက် NSCN-K/AM က သူ၏ မဟာမိတ်အဖွဲ့ကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ အပစ်အခတ်ရပ်စဲရေး မြန်မာနှင့်အိန္ဒိယနိုင်ငံများဖြင့် ဆွေးနွေးနေချိန်မှာ မဟာမိတ်ဖြစ်သူ ULFA-I တိုက်ခိုက်ခံရမှုကို ရှုတ်ချခဲ့ပြီး NSCN-K နှင့် ULFA-I ၏ နက်ရှိုင်းသော ဆက်ဆံရေးကို ထုတ်ဖော် ပြောကြားခဲ့သည်။