CNI International News

ဂူဝါဟတီ၊ ဒီဇင်ဘာ ၁၂

ညီညွတ်သော အာသံ လွတ်မြောက်ရေးတပ်ဦး ULFA-I ၏ အကြီးအကဲဖြစ်သည့် ပါရက်ရှ် ဘာရူအာ (Paresh Baruah) သည် တရုတ်နိုင်ငံတွင် ရှိနေဆဲဖြစ်သည်ဟု Assam Tribune သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။

၎င်းသည် မြန်မာနိုင်ငံရှိ ULFA-I တပ်ဖွဲ့များ၏ စခန်းများကို လာရောက်ခြင်း မရှိသည်မှာ ၁၀ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မကြာသေးမီက လက်နက်ချခဲ့သည့် ULFA-I ထိပ်သီးခေါင်းဆောင် တစ်ဦး ဖြစ်သည့် အာရွန်နိုဒိုင် ဒိုဟိုရှာ (Arunodoi Dohotia) (ခ) အာရွန်နိုဒိုင် အာသံ (Arunodoi Asom) က ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒိုဟိုရှာ လက်နက်ချခဲ့ပြီးနောက် ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံအတွင်းရှိ ULFA-I စခန်းများ၏ အခြေအနေ အသေးစိတ်ကို သိရှိခဲ့ကြောင်း အိန္ဒိယရဲအရာရှိများက Assam Tribune သတင်းစာကို ပြောကြားခဲ့ သည်။

မကြာသေးမီက ULFA-I စခန်းများတွင် ဒရုန်းများဖြင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ULFA-I စစ်သွေးကြွများကို ခိုလှုံခွင့်ပေးခဲ့သည့် နာဂလက်နက်ကိုင်အဖွဲ့များကပါ စိုးရိမ်လာခဲ့ကြသည်ဟု ဆိုသည်။

အိန္ဒိယစစ်သားနဲ့ ဒရုန်းကို တွေ့ရစဉ် 

လက်ရှိတွင် ULFA-I စစ်သွေးကြွများနှင့် နီးကပ်သည့် ဆက်ဆံရေးရှိနေသော နာဂလက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့ပါ ပြဿနာတက်လာနိုင်မည့် အခြေအနေကို စိုးရိမ်ပူပန်နေကြသည်။

ဒိုဟိုရှာသည် အကြောင်းအရင်း အချို့ကြောင့် လက်နက်ချခဲ့ခြင်း ဖြစ်သည်။

ပထမအကြောင်းအရင်းမှာ လုံခြုံရေးတပ်ဖွဲ့များနှင့် ပြေးတမ်း၊ လိုက်တမ်း ကစားနေသကဲ့သို့ ဖြစ်နေသည့် အခြေအနေသည် အနာဂတ် မရှိသည့်အချက်ကို နားလည်သွားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် စခန်းများတွင် ဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ULFA-I အဖွဲ့၏ ကေဒါများသည် စိတ်ဓာတ်ကျဆင်း လာခဲ့သည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ ULFA-I ၏ တပ်သားသစ် အများစုသည် ULFA-I ၏ အယူဝါဒနှင့်ပတ်သက်ပြီး ဗဟုသုတမရှိဘဲ ပညာတတ်များ မဟုတ်ပေ။ 

 ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က ULFA-I စခန်းကို အိန္ဒိယက ဒရုန်းနဲ့တိုက်ခိုက်ခဲ့စဉ် 

အစောပိုင်း ကာလများက တပ်သားသစ်များသည် နိုင်ငံရေး သင်ခန်းစာများကို သင်ယူခဲ့ရသော်လည်း ထိုနိုင်ငံရေး သင်တန်းများ မရှိတော့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ULFA-I ခေါင်းဆောင် ဘာရူအာသည် အခြားခေါင်းဆောင်များ၊ ကေဒါများနှင့် အဆက်အဆံ မလုပ်ဘဲ အဝေး တွင်သာ နေထိုင်လျက်ရှိသည်။ 

သူသည် မြန်မာနိုင်ငံရှိ ULFA-I စခန်းများသို့ မလာသည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာမြင့်နေပြီဖြစ်ပြီး ဒိုဟိုရှာ ကိုယ်တိုင်ကလည်း ဘာရူအာနှင့် မတွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။

မကြာသေးမီက ကာကိုပါ့စ်သာ(Kakopathar) တပ်စခန်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို ဘာရူအာက ကြိုးကိုင်ခဲ့ခြင်းဖြစ်ပြီး ဒိုဟိုတီယာကို အသိပေးခဲ့ခြင်း မရှိသဖြင့် ၎င်းတို့နှစ်ဦးကြား ယုံကြည်မှု ပျက်ပြားခဲ့သည်။

ဒိုဟိုရှာ၏ ဇနီးနှင့် သားသမီးနှစ်ဦးသည် မြန်မာနိုင်ငံတွင် ရှိနေဆဲဖြစ်ပြီး သူလက်နက်ချ အဖမ်းခံခဲ့ချိန်က မိသားစုကို ခေါ်ဆောင်လာနိုင်ခဲ့ခြင်း မရှိဘဲ သက်တော်စောင့်တစ်ဦးနှင့်သာ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်များက Assam Tribune သတင်းစာကို ပြောကြားခဲ့သည်။

၎င်းတို့၏ စခန်းများ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက်တွင် ကေဒါ အများအပြားသည် လက်နက်ချရန် စိတ်အား ထက်သန်နေကြသော်လည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ အခြေစိုက်စခန်းများမှ မထွက်နိုင်ကြသေးကြောင်း ဒိုဟိုရှာက ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ ULFA-I စခန်းများသည် ထိပ်တန်းခေါင်းဆောင် မိုက်ကယ် ဒက်ကာ ဖူကန် (Michael Deka Phukan) ၏ လက်အောက်တွင် ရှိနေသည်။

Source: Assam Tribune