CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံတွင် လွှတ်တော်နှင့်အစိုးရသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားဖြစ် နိုင်ငံတော် အုပ်ချုပ်စီမံ လေ့ရှိသည့်အတွက် လွှတ်တော်သည် အစိုးရကို ထိန်းကျောင်းရန်လား သို့မဟုတ် ကာကွယ်ရန်လားဆိုသည့် မေး ခွန်းများ ထွက်ပေါ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်၌ ကျင်းပမည်ဖြစ်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာတော့ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင်အပိုင်း(၃)ကိုလည်း ကောင်း ကျင်းပသွားမည်ဖြစ်သည်။
ထိုရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသစ်သည် မြန်မာ့ တပ်မတော်နှင့် USDP ပူးပေါင်း ဦးဆောင် မည့် အစိုးရတစ်ရပ် ဖြစ်လာနိုင်သလို လွှတ်တော်ကိုလည်း တပ်မတော် နှင့် USDP က လွှတ်တော်အမတ် အများဆုံးဖြင့် ထိန်းကျောင်းသွားမည့် အခြေအနေရှိနေသည်။
ထို့ကြောင့် လွှတ်တော်သည် အစိုးရကို ထိန်းကျောင်းရန် တာဝန်အစား အစိုးရကို ကာကွယ်ပေးမည့် လွှတ်တော် ပုံစံဖြစ်လာမည်ကို အများစုက စိုးရိမ်နေကြသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် လွှတ်တော်သည် အစိုးရနှင့် တစ်လုံးတည်း ဖြစ်နေသည့် ပုံစံမျိုးဖြင့်သွား လျှင် မပီပြင်သည့် အရွေ့ဖြစ်သွားနိုင်ကြောင်း၊ ထိုကိစ္စက စိုးရိမ်ရမည့် အချက်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးကျော်ထက်က CNI သတင်းဌာန သို့ ပြောသည်။

လွှတ်တော်နိုင်ငံရေးကို ကျောခိုင်းပြီး လက်နက်ကိုင်နိုင်ငံရေးကို ကူးပြောင်းသွားခဲ့သော ကွယ်လွန်သူ ရခိုင်လွှတ်တော်အမတ် ဦးဦးလှစောကို တွေ့ရစဉ်
၎င်းက “ဒီရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာတဲ့ အစိုးရက အာဏာတာဝန် ယူထားတဲ့လူက တစ်ဦးလက်ထဲ မှာပဲ ရှိသလိုဖြစ်တာပေါ့။ အာဏာကြီး သုံးရပ်လုံးက အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာရယ်၊ ဥပဒေပြု ရေး အာဏာက တစ်ဦးထဲ ဆုံးဖြတ်နေရသလို ဖြစ်တာပေါ့။ အကယ်၍ လွှတ်တော် ပေါ်ပေါက်လာမယ်ဆို ဥပဒေ ပြုရေးမဏ္ဍိုင်ကလည်း ပြန်လည်ရှင်သန်လာတဲ့ သဘောတရား ရှိသွားတာပေါ့။ အစိုးရကနေပြီးမှ သွားနေတဲ့ လမ်း ကြောင်းတွေပေါ်မှာ မှားနေတယ်ဆိုလို့ရှိရင် ဒီလွှတ်တော် ကနေပြီးတော့မှ ထိန်းကျောင်းလို့ ကျနော်တို့ အရေးဆို လို့ ရနိုင်မှာပေါ့။ အရပ်သားတွေကို ပိုမို ကိုယ်စားပြုနိုင်တဲ့ သူတွေရောက်လာမယ်၊ တိုင်းရင်းသားတွေကို ကိုယ်စား ပြုခွင့်ရှိတဲ့သူတွေက အနိုင်ရရှိလာမယ်ဆိုရင် ဒီအသံတွေက ပိုမိုကျယ်လှောင်လာမှာပေါ့။ လွှတ်တော်ထဲက အသံ က လူထုအသံဖြစ်တဲ့အတွက် အစိုးရကနေပြီးမှ တချို့ကိစ္စတွေမှာ ဇွတ်အတင်းလုပ်လို့ မရပဲနဲ့ ဒါညှိနှိုင်း ဆောင် ရွက်ပြီးမှ အဖြေရှာရမဲ့ကိစ္စတွေ ပေါ်ပေါက်လာမယ်ပေါ့။ ဒါပေမယ့် လွှတ်တော်ကြီးကလည်း အစိုးရနဲ့ တစ်လုံး တည်း ဖြစ်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သွားရင်တော့ ဒါကတော့ မပီပြင်တဲ့ အရွေ့ဖြစ်သွားမှာပေါ့။ ဒါကတော့ စိုးရိမ် ရမဲ့ အချက်ပေါ့။ အစိုးရနဲ့ လွှတ်တော်နဲ့ ကျနော်တို့ ကွဲပြားဖို့လိုတယ်။ တာဝန်ပိုင်ခြားမှုတွေမှာ ကျနော်တို့ တိကျဖို့ လိုတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများကနေ ပေါ်ပေါက်ခဲ့သော အစိုးရနှင့်လွှတ်တော်များသည် အပြန်အလှန် အကာအကွယ်ပေးသည့် ပုံစံမျိုးပေါ်ပေါက်ခဲ့ကြခြင်းကြောင့် ဗမာ မဟုတ်သော လူမျိုးစုနိုင်ငံရေးပါတီများက လွှတ်တော်အမတ်များ၏ လွှတ်တော်အပေါ် စိတ်ပျက်မှုများ ကြုံတွေ့ခဲ့ ရသည်။
ထို့နောက် လွှတ်တော်ကို စိတ်ကုန်၍ ကျောခိုင်းကာ လက်နက်ကိုင် တော်လှန်ရေးကို ဝင်ရောက်သွားသည့် လွှတ်တော်အမတ်များပင် ရှိခဲ့သည်။
မြန်မာနိုင်ငံ၌ အစိုးရကို ကာကွယ်သည့် လွှတ်တော်မဖြစ်အောင် နိုင်ငံ့အကြီးအကဲများ နိုင်ငံရေးတွင် အမျှော် အမြင်ရှိသည့် နိုင်ငံရေးခေါင်းဆောင်များက ကြိုတင်ပြင်ဆင်ကြရန် လိုသည်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့တည် ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးဝင်းမြင့်ကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တုန်းက တွေ့ရစဉ်
၎င်းက “အမှန်လွှတ်တော်ရဲ့ တာဝန်က သုံးခု အမှန်မှန်ရှိတာပေါ့။ လွှတ်တော်ရဲ့ တာဝန်ဆိုတာ ဥပဒေပြုရမယ်၊ အစိုးရကို ထိန်းကျောင်းရမယ်၊ ပြည်သူလူထုကို ကိုယ်စားပြုရမယ်ပေါ့။ အစိုးရကို ထိန်းကျောင်းဖို့ တာဝန်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဓိကကြတဲ့ တာဝန်တစ်ခုဖြစ်တယ်ပေါ့။ လွှတ်တော်က အစိုးရကို ကာကွယ်ဖို့ တော့ တာဝန်မရှိဘူး၊ ထိန်းကျောင်းဖို့ပဲ တာဝန်ရှိတာ။ အစိုးရကို ကာကွယ်တဲ့ အလုပ်ကို အစိုးရလုပ်လိမ့်မယ်၊ သူ့ ဝန်ကြီး ဌာနရှိတယ်၊ ပြန်ကြားရေးဝန်ကြီးဌာနတွေ ကာကွယ်လိမ့်မယ်။ လွှတ်တော် အနေနဲ့ကတော့ အစိုးရကို ထိန်းကျောင်းဖို့ပဲ တာဝန်ရှိတယ်။ ကာကွယ်ဖို့ တာဝန်မရှိဘူး။ အဲ့လို အစိုးရကို ကာကွယ်တဲ့ လွှတ်တော် မဖြစ် အောင်လည်းပဲ နိုင်ငံ့အကြီးအကဲတွေ နိုင်ငံရေးမှာ အမျှော်အမြင်ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ကြိုတင် ပြင်ဆင်ကြဖို့လိုတယ်။ အစိုးရကို ထိန်းကျောင်းနိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူက ရွေးချယ် တင် မြှောက်ဖြစ်ဖို့ လိုတယ်။ ကိုယ်က ရွေးချယ်တင်မြှောက်ပြီးရင် အဲ့ဒီကိုယ်စားလှယ်ကို စဉ်ဆက်မပြတ် ဆက်ပြီး ကြည့်ဖို့လိုတယ်၊ ကိုယ့်ကို ကိုယ်စား မပြုဘူးထင်ရင် သူ့ကို ပြန်ပြီး ထိန်းကျောင်းတာတွေ ပြည်သူလူထုက လုပ် သင့်တယ်။ ပြည်သူလူထုက ဆန္ဒပြလို့ရမယ် သူတို့က သက်ဆိုင်ရာ ပါတီတွေကို တိုင်လို့ရမယ်။ ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်တာ လုပ်လို့ရှိရင် ပြောရမယ်ပေါ့၊ ဒါမျိုးတွေတော့ ရှိသင့်တာပေါ့။ ပြည်သူ လူထု ကနေပြီးတော့ ဒီလွှတ်တော်တွေကို ထပ်ပြီးထိန်းကျောင်းဖို့ လိုတယ်”ဟု ပြောသည်။
NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို အရေးပေါ် လွှတ်တော်ခေါ် ဖြေရှင်းပေးဖို့ တောင်းဆိုမှု များရှိခဲ့သော်လည်း လွှတ်တော်တွင် NLD ပါတီက အားကောင်းခဲ့သလို လွှတ်တော်ဥက္ကဋ္ဌများက လည်း NLD ပါတီဝင်ဖြစ်နေ၍ တောင်းဆိုမှုကို လစ်လျူရှုကာ အစိုးရအား ကာကွယ်ပေးခဲ့သည်။
ထို့နောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာ ရယူခဲ့သည်။
မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ ရယူပြီးနောက် လွှတ်တော်နိုင်ငံရေး ပျောက်ဆုံးကာ တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စသည့် အာဏာ ၃ ရပ်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်ဦးထံမှာ စုစည်း ထားခဲ့သည်။
ထို့ကြောင့် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများသည် ရွေးကောက်ပွဲ ကျင်းပပြီး လွှတ်တော်နိုင်ငံရေးကို ပြန်လည် ဖော်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိသည်။
