CNI International News
ဘေကျင်း၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်းက ပြောကြားခဲ့ သည်ဟု Global Times သတင်းစာက ဖော်ပြခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် ပရမ်းပတာ အခြေအနေများ ဖြစ်ပွားနေသည်ကို မမြင်တွေ့လိုကြောင်း ၎င်းက ပြောသည်။
မောနင်းက “တရုတ်သည် မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသ တစ်လျှောက်ရှိ တရုတ်၏ စီမံကိန်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်အတွက် အပစ်အခတ်ရပ်စဲရေး အမြန်ဆုံးရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းမှုများ ဖြစ်မြောက်စေရန် အားထုတ်ကြိုးပမ်းခဲ့ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဆွေးနွေးမှုများ ပြုလုပ်ရန် တရုတ်သို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောသည်။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
KIA ၏ ထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ခဲ့သည့် တည်နေရာနှင့် ဆွေးနွေးမည့် အကြောင်းအရာများကို အသေးစိတ် ဖော်ပြခဲ့ခြင်းမရှိပေ။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် အခြေအနေကို တရုတ်က အာရုံစိုက် စောင့်ကြည့်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ပဋိပက္ခများ၊ ပရမ်းပတာအခြေအနေများကို မမြင်တွေ့လိုကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မောနင်းက ပြောသည်။
တရုတ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို တက်ကြွစွာ ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မိမိတို့အကောင်းဆုံး ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်များဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့က တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။
Source: Global Times