CNI International News
ဆိုးလ်၊ ဒီဇင်ဘာ ၁၂
တောင်ကိုရီးယားရဲတပ်ဖွဲ့က သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol)၏ ရုံးခန်းကို ဒီဇင်ဘာ ၁၁ ရက်က ဝင်ရောက် စီးနင်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထို့နောက် ယွန်း၏ ထိပ်သီး လက်ထောက်တစ်ဦးက ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ယွန်း၏ အငြင်းပွားဖွယ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှုအပေါ် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေချိန်တွင် ရဲတပ်ဖွဲ့က ယွန်း၏ ရုံးခန်းကို ဝင်ရောက်စီးနင်း ခဲ့ခြင်းဖြစ်သည်။
ထိုအချိန် အတောအတွင်း ယွန်း၏ အနီးကပ် လူယုံတော်ဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ကင်မ်ယွန်ဟွမ် (Kim Yong-hyun) သည် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းက ၎င်းအား ဖမ်းဆီးထိန်းသိမ်းထားသော စခန်းတွင် ရှပ်အင်္ကျီ အတွင်းခံတို့ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြိုးပမ်းခဲ့သည်ဟု တရားရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိတွင် ကင်မ်သည် အသက်အန္တရာယ်မရှိဘဲ ၎င်းကို အချိန်ပြည့် စောင့်ကြည့်နေကြောင်း ထိုအရာရှိက ပြောကြားခဲ့သည်။
ကင်မ်သည် သမ္မတ၏ ယာယီစစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ရာထူးမှ နုတ်ထွက်ကာ ပြန်လည်တောင်းပန်ခဲ့ပြီး ထိုအမှုတွင် သူတစ်ဦးတည်းသာ တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။
ယွန်းဆော့ရွဲကို ဆန့်ကျင်နေကြစဉ်
ဒီဇင်ဘာ ၃ ရက်က ယွန်း၏ အံ့အားသင့်ဖွယ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုကို လွှတ်တော်အမတ်များက မဲပေးပြီး ပယ်ချခဲ့ပြီးနောက် ယွန်းက ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
လက်ရှိတွင် ယွန်းသည် ပုန်ကန်မှု စွဲချက်များဖြင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံနေရပြီး ပြည်ပထွက်ခွင့် ပိတ်ပင်ခံ ထားရသော်လည်း ဖမ်းဆီးခံရခြင်း သို့မဟုတ် အာဏာပိုင်များ၏ စစ်ဆေးမေးမြန်းမှုများကို ခံရခြင်းမရှိသေးပေ။
ဒီဇင်ဘာ ၇ ရက် ကတည်းက ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်နေသည့် ယွန်းသည် ၎င်း၏ ရုံးခန်းအား ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်တွင် ရုံးတွင်ရှိမနေကြောင်း သမ္မတလုံခြုံရေးအဖွဲ့က ရိုက်တာသတင်းဌာနကို အတည်ပြု ခဲ့သည်။
ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယား အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲနှင့် ဆိုးလ်မြို့တော် ထိပ်သီးရဲအရာရှိတစ်ဦးတို့လည်း ထိန်းသိမ်းခံထားရသည်။
Source: ရိုက်တာ