CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁
တရုတ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့် အဖွဲ့တို့ ဆွေးနွေးပွဲသည် KIA ဆီမှ အကူအညီများ ပြန်လိုချင်၍ ဆွေးနွေးခြင်းဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ် ဗန်းမော်နှင့် မံစီမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေချိန်မှာပဲ တရုတ်အာဏာပိုင်များနှင့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်တွင် တရုတ်နိုင်ငံသို့ သွားခဲ့ကြခြင်းဖြစ်ပြီး KIA ဘက်မှ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဒု ဗိုလ်ချုပ်ကြီး ဂွမ်မော်၊ အထွေထွေအတွင်းရေးမှူး ဦးလနန်နှင့် KIO အုပ်ချုပ်ရေးဌာနတာဝန်ခံ ဗိုလ်ချုပ်ဇော်ရော်တို့ ပါဝင်သည်ဟု သိရသည်။
ထိုဆွေးနွေးပွဲသည် တရုတ်ဆီမှ အကူအညီလိုချင်၍ သွားခြင်းမဟုတ်ဘဲ တရုတ်သည် KIA ဆီမှ အကူအညီ ပြန်လို၍ သွားခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ တရုတ်အထူးကိုယ်စားလှယ်ဟောင်း ဆွန်ကော်ရှန်ကို တွေ့ရစဉ်
၎င်းက “သတင်းအပြည့်အစုံကတော့ တက်မလာသေးဘူးဗျ။ ဒါပေမယ့် အောက်စည်းနဲ့၊ အောက်စည်းနဲ့ ကိုယ်က ဆက်ဆံရမှာ မဟုတ်တော့ဘူးလေ။ ကိုယ်ကလည်း Level ပေါ့၊ Level အဆင့်တူတဲ့ ဆက်ဆံရတဲ့ အဆင့်ကို ရောက်သွားပြီ၊ ဘယ်လို Level တူသွားတာလဲဆိုတော့ တရုတ်ဆီက အကူအညီကို တောင်းရအောင် သွားတာ မဟုတ်ဘဲနဲ့ တရုတ်က KIA ဆီက အကူအညီကို ပြန်လိုလို့ တောင်းတဲ့၊ ညှိတဲ့ ဆွေးနွေးပွဲ ဖြစ်သွားပြီလေ။ အဲတာ မို့လို့ ကချင်ပြည်သူလူထုအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ ဖြစ်လိမ့်မယ်လို့ ဒီလိုယုံကြည်ပါတယ်။ ညှိညှိနှိုင်းနှိုင်းနဲ့ အပေါ်စီး မဟုတ်ဘဲနဲ့ KIA လိုလားတဲ့ အတိုင်းပဲ အဲဒီနီးပါးဖြစ်အောင် အပေးအယူလုပ်ကြမှာ။ အဲဒီလိုမဟုတ်ဘူး ဆိုရင် ထရမ့်တက်လာရင် မြေရှားသတ္တုတွေနဲ့ တရုတ်အပေါ်မှာ စီးပွားရေး ပိတ်ဆို့တဲ့ အမြင်တွေနဲ့ ထရမ့်က ဆက်ဆံလာရင် တရုတ်က အောက်စည်းရောက်သွားမှာ၊ ဒါကြောင့်မို့လို့ သူက အရမ်းစိုးရိမ် ပူပန်တယ်၊ နောက် ဒီဆွေးနွေးပွဲမှာသူက အနောက်နိုင်ငံတွေနဲ့ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုရဲ့ အကူအညီတွေ မယူဖို့၊ အနောက်နိုင်ငံတွေနဲ့ ကင်းကင်းရှင်းရှင်း ဖြစ်နိုင်ရင်နေပေးဖို့ အဲတာသူ့ဘက်က တောင်းဆိုလာစရာတော့ ရှိပါ တယ်။ နောက်ပြီး KIA က နားပဲထောင်ပြီးတော့ လိုက်လျောမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
KIA သည် မြေရှားသတ္တုထွက်သလို နယ်စပ်ကုန်ပေါက်များရှိသည့် ကချင်အထူးဒေသ(၁) နယ်မြေ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီတို့ကို တိုက်ခိုက် သိမ်းပိုက်ထားသည်။
ထို့နောက် တရုတ်၏ စီမံကိန်းဖော်ဆောင်ရန် လျာထားချက်မှာပါဝင်သည့် ဗန်းမော်မြို့ကိုလည်း ဒီဇင်ဘာ ၄ ရက် မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
လက်ရှိတွင် KIA နှင့် တရုတ်ကြား တရုတ်နှင့်ကချင် နယ်စပ်ဂိတ်များကို အပြန်အလှန် ပိတ်ဆို့ထားသည့်အတွက် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသည်။
KIA နှင့် တရုတ် ယခုတွေ့ဆုံဆွေးနွေးခြင်းသည် ငြိမ်းချမ်းရေး ကိစ္စရပ်များအတွက် တရုတ်ဘက်မှ ခေါ်ယူဆွေးနွေး ခြင်း ဖြစ်နိုင်သလို နယ်စပ်ဂိတ် ကိစ္စများလည်း ပါလာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းကို တွေ့ရစဉ်
၎င်းက “သူက နယ်စပ်နှစ်ခုကြားပေါ့၊ နှစ်နိုင်ငံကြား နယ်နိမိတ်အတွင်းမှာ လှုပ်ရှားနေတဲ့ EAOs မှန်သမျှဟာ အဲနှစ်နိုင်ငံလုံးအတွက် လုံခြုံရေးပိုင်းဆိုင်ရာမှာ အရေးကြီးတာကိုး။ အဲတော့ ခုနပြောသလိုပေါ့ ငြိမ်းချမ်းကိစ္စ ရပ်အတွက် သော်လည်းကောင်း၊ ဘာသော်လည်းကောင်း၊ လုံခြုံရေးအတွက် သော်လည်းကောင်း တရုတ်က သူ့အတွက် အန္တရာယ်ရှိတယ်လို့ ယူဆလာတဲ့ အခါမျိုးမှာ ဒါခေါ်တွေ့တာတို့ ဘာတို့ ရှိလာနိုင်တာပဲ။ ဒါပေမယ့် နောက်ဆုံး Final result က ဘာဖြစ်မလဲပေါ့၊ အဲတာကကျတော့ ထုတ်ပြန်ချက် တစ်ခုခု ထွက်လာရင်တော့ ကျနော်တို့ ပြောလို့ရလိမ့်မယ်။ အဓိကကတော့ ဗိုလ်ချုပ်မှူးကြီး တရုတ်ကိုသွားတဲ့ ခရီးစဥ်ထဲမှာတော့ ကုန်သွယ် ရေးနဲ့ ပတ်သတ်ပြီးတော့ ပြောထားပြီးသားလေ၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေက အစိုးရတွေရဲ့ လက်အောက်မှာပဲ ရှိရမယ် ဆိုတဲ့အချက်လည်း အများကြီးရှိတယ်၊ အဲတော့ ဒါက နှစ်နိုင်ငံ သဘောတူညီထားတဲ့ ကိစ္စရပ်လည်းဖြစ် တယ်၊ ဆက်သွားရမဲ့ ကိစ္စရပ်တွေလည်းဖြစ်တော့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဆွေးနွေးတဲ့ထဲမှာတော့ ပါပါ လိမ့်မယ်။ ပြီးတော့ ဒီလက်ရှိ လက်နက်ကိုင်နေတဲ့ ဘာဖြစ်မှန်းမသိတဲ့အခါမှာ မြန်မာနဲ့တရုတ်ကြားမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမဲ့ လုပ်ငန်းစဥ်တွေ ရှိတာပေါ့၊ အဲတော့ တရုတ်ကတော့ ဘယ်လိုပဲပြောပြော ဒါတွေနဲ့ ပတ်သက်ပြီး သူငြိမ်းချမ်းရေးပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် နည်းလမ်းတစ်ခုခုတော့ သူရနိုင်တဲ့ဘက်ကတော့ သူ အကူညီအညီ အထောက်အပံ့ပေးမှာပဲ”ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ စသည့်မြို့များအား KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအား ထိန်းချုပ်နိုင်ရန်၊ နှစ်နိုင်ငံ အချုပ်အခြာအာဏာအား လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံထဲက တရုတ်စီမံကိန်းများ ထပ်မံတိုးမြှင့်ရန် ကိစ္စရပ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် တရုတ်ဝန်ကြီးချုပ် လီချန်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းစေလိုကြောင်းနှင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ပံ့ပိုးကူညီပေး သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းနှင့် ကုမ္ပဏီများကို လုံခြုံရေးပေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က သတင်စာ ရှင်း လင်းပွဲမှာ ပြောကြားခဲ့သည်။