CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် လားရှိုးမှ ကိုးကန့်တပ် (MNDAA) ဆုတ်ခွာ ပေးလိုက်ရသော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အနေဖြင့် နယ်မြေချဲ့ထွင်မှုများကို နောက်ဆုတ် နိုင်ခြေ မရှိနိုင်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များက CNI သတင်းဌာနသို့ ပြောသည်။
ယခင်က ကချင်လူမျိုးများသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီနှင့် ကွတ်ခိုင် ဒေသများတွင် အများစုနေထိုင်ခဲ့ကြ သောကြောင့် KIA အနေဖြင့် ၎င်းတို့မူရင်းဌာနေကို ပြန်လည်ရယူလိုသည့်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နောက်ဆုတ်မည်ဟု မထင်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA ကိစ္စကတော့ KIA ကတော့ ရှုပ်ထွေးပါတယ်။ သူက အဓိက,ကတော့ သမိုင်းကြောင်းပါ ပြန်ပြောရ မယ်ဆိုရင် ကချင်အများဆုံး နေထိုင်တာက ဟိုတုန်းက သိန္နီရယ်၊ ကချင်ပြည်နယ်ဆိုတာ ကချင်နည်းနည်းပဲ ရှိတာကို။ ကချင်ပြည်နယ် ပေးထားပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်ကိုလည်း သူကာကွယ်ရမယ်ဆိုတဲ့ ကိစ္စ တစ်ခုရှိတယ်။ နောက်ပြီးတော့ သူ့ရဲ့ မူရင်းဌာနေကိုလည်း သူပြန်ရလိုတဲ့ စိတ်ဓာတ်လေး တစ်ခုရှိတယ်။ လောဘ ပေါ့။ အဲဒါလေးတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ ရှမ်းမြောက်ကိစ္စကတော့ KIA နဲ့ပတ်သက်ပြီး နောက်ဆုတ်မှာတော့ မထင်ဘူး။ ဘာလို့လဲဆိုတော့ သိန္နီတို့၊ ကွတ်ခိုင်တို့ဆိုတာ ကချင်အများစု နေထိုင်တဲ့ဟာကို။ ရှေးယခင်ကတည်း က။ ကချင်ပြည်နယ်ဆိုတာက ကချင်အနည်းစုပဲရှိတာပါ လွတ်လပ်ရေးမယူခင် ကာလအထိပေါ့။ အဲဒါကြောင့် KIA ကိစ္စပြောရမယ်ဆိုရင် ရှမ်းမြောက်မှာကတော့ KIA နဲ့ဆက်ပြီး ပြဿနာရှိနိုင်သေးတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ တော့ ပါးပါးနပ်နပ် ရှိလှတဲ့ KIA ကတော့ သူအကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့တော့ မြင်တာပေါ့” ဟု ပြောသည်။
KIA နဲ့ TNLA ရှမ်းမြောက်မှာ နယ်မြေအငြင်းပွားပြီး ရန်ဖြစ်နေကြစဉ်
၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းသော KIA သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မဟာ ၃ ခု အခြေစိုက်ပြီး ကချင်ပြည်နယ်တွင် တပ်မဟာ ၈ ခုရှိသည်။
ပြီးခဲ့သည့် မတ်လက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသအချို့၌ KIA နှင့် TNLA အကြားလည်းကောင်း၊ KIA နှင့် MNDAA အကြားလည်းကောင်း နယ်မြေအငြင်းပွား၍ ပွတ်တိုက်မှုများ ရှိနေသည်။
ကချင်အနေဖြင့် သိန္နီစော်ဘွားရှိစဉ် လက်ထက်ကအတိုင်း လုပ်ဆောင်သွားမည်ဆိုပါက အားလုံးအတူတကွ နေနိုင်မည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA က သူက အင်္ဂလိပ် မထွက်ခွာခင်ကတည်းက သိန္နီစော်ဘွားဆီမှာ သူတို့က ကချင် sub-state တောင်းတယ်။ ဒီတောင်းတာက သူတို့အဓိပ္ပါယ်ရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သိန္နီစော်ဘွားဘက်ကနေ ပြီးတော့မှ မင်းတုန်းမင်း၊ သီပေါမင်းတို့ကို တော်လှန်တဲ့အချိန်တုန်းက ကချင်တွေက အများကြီးကူညီခဲ့တယ်။ အဲဒီတော့ သူတို့ကို သိန္နီစော်ဘွားကလည်း သူကောင်းပြုထားတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ တစ်ကြောင်း၊ နောက်တစ်ခုက ဒုတိယကမ္ဘာစစ်တုန်းကလည်း ဗြိတိသျှတွေကို တပ်ဘက်ကနေ စစ်ရေးအရ ကူညီခဲ့တယ်။ အဲဒီအကြောင်း နှစ်ကြောင်းနဲ့မို့လို့ သိန္နီစော်ဘွားက ဗြိတိသျှအစိုးရနဲ့ တိုင်ပင်ပြီးတော့မှ သူတို့ကို sub-state ပေးမယ် ဆိုပြီးတော့မှ စာချုပ် ချုပ်တယ်လို့ကြားတယ်။ ဒီလိုပေးတာဟာ အဲဒီအချိန်မှာဘာဖြစ်လဲဆို တော့ ကချင်ပြည်နယ်ကို ပေးမယ်ဆိုတဲ့ အချိန်နဲ့လည်း တစ်ပြေးတည်းဖြစ်တယ်။ သိန္နီစော်ဘွားက ပြောတာက တော့ ကချင်ပြည်နယ်က သက်သက်ဖြစ်တယ်။ သို့သော်လည်းပဲ ရှမ်းပြည်နယ်ထဲမှာ သို့မဟုတ် သိန္နီနယ်ထဲမှာ ရှိနေတဲ့ ကချင် sub-state က သက်သက်ဖြစ်တယ်။ ဒါကို ခွဲမြင်ဖို့လိုတယ်ပေါ့။ ကချင်ပြည်နယ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်လို့ သဘောမရဘူးပေါ့။ ဒါမှမဟုတ် ကချင်ပြည်နယ်ကလည်း ဒီ sub-state ရဲ့ အစိတ်အပိုင်း တစ်ခုလို့ သဘောရစရာ မလိုဘူး။ သူ့သက်သက်ဖြစ်တယ်ပေါ့။ ကချင်ပြည်နယ်မှာရှိတဲ့ ရှမ်းတွေကလည်း ကချင်ပြည်သား၊ ရှမ်းပြည်နယ်မှာရှိနေတဲ့ ကချင်တွေကလည်း ရှမ်းပြည်သား အဲဒီပုံစံမျိုး ဖြစ်ရမယ်ဆိုပြီး သူ့ရဲ့ မှတ်တမ်းထဲမှာ ရေးထားတာကို မြင်ရပါတယ်။ အဲဒီတော့ ဒီအတိုင်းသာ လုပ်သွားမယ်ဆိုရင် အားလုံးအတူတကွ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။
KIA က စစ်တပ်စခန်းကို သိမ်းပိုက်စဉ်
လက်ရှိ ရှမ်းပြည်နယ်တွင် လားရှိုးမြို့ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃ ရက်က တိုက်ခိုက်သိမ်းပိုက်ထားသော MNDAA က တရုတ်၏ ဖိအားပေး စေ့စပ်မှုကြောင့် မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးလိုက်ရသည်။
ထို့နောက် လားရှိုးမြို့ ပြန်လည် လွှဲပြောင်းရေး လုပ်ငန်းစဉ် ပြီးစီးပါက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေ ချဲ့ထွင်နေသော TNLA နှင့် KIA ထံ တရုတ်က “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကနေ သွယ် ဝိုက်ဖိအားပေးလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
အလားတူ မြန်မာ့တပ်မတော်ကလည်း စစ်ရေးအင်အား ပြန်လည်တည်ဆောက်၍ KIA နှင့် TNLA ၏ နယ်မြေချဲ့ ထွင်နေမှုကို တားဆီးလာနိုင်သည့်အတွက် စစ်ရေးအလှည့်အပြောင်းသည် လားရှိုးမြို့ ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းစဉ် အပြီးမှာ မြင်တွေ့လာရနိုင်ကြောင်း ၎င်းတို့က သုံးသပ်လျက်ရှိသည်။
TNLA၊ MNDAA၊ KIA တို့သည် UWSA ဦးဆောင်ပြီး ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)တွင် အဖွဲ့ဝင်များ ဖြစ်သည်။