CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၂၄
မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့် အစိုးရယန္တရားများ လည်ပတ်ရန် ခက်ခဲနေခြင်းကို ကျော်လွှားနိုင်ရန် Electronic Government (E- Government) စနစ်အား ကျင့်သုံးသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ(NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ငလျင်လှုတ်ခတ်ခဲ့ခြင်းကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဟိုတယ်များ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။
ထို့ပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ထမ်းအိမ်ယာများ၊ ဝန်ကြီးဌာနများနှင့် အစိုးရရုံးများ ထိခိုက်ပျက်စီးခဲ့သလို လွှတ်တော်အဆောက်အအုံများလည်း ထိခိုက်ပျက်စီးခဲ့သည်။
ထို့ကြောင့် Electronic Government စနစ်အား ယခုအချိန်တွင် ကျင့်သုံးလိုက်ပါက အခက်အခဲများနှင့် ပျက်စီး သွားသည့် ဆုံးရှုံးမှုများကို ပိုမိုဖာထေးနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
ငလျင်ဘေး ပြန်လည်ထူထောင်ရေး လူထုနဲ့ တွေ့ဆုံနေတဲ့ နစကဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “ကျနော်တို့အခု ဒီသဘာဝဘေးကြီးပေါ့နော် ၇ ဒသမ ၇ ဆိုတဲ့ အနေအထားကြီး လှုပ်သွားတယ်၊ အပျက် အစီး အဆုံးအရှုံးတွေလည်းများတယ်၊ ဒီအတွက် ကျနော်တို့က ပြန်လည်ထူထောင်ရေးလုပ်ရမှာ ဒီထက်ပိုပြီး တော့မှ ငလျင်ဒဏ်ခံနိုင်တဲ့ဟာတွေ လုပ်ရမယ့်ဟာကလည်း တစ်ပိုင်းပေါ့၊ ပြီးတော့ ကျနော် အမှတ်မမှားဘူးဆိုရင် ၂၀၀၃၊ ၂၀၀၄ လောက်မှာကတည်းကိုက E-government လုပ်မယ်ဆိုပြီးတော့မှ လုပ်ခဲ့တယ်ပေါ့၊ အခုအချိန်ထိ ထိထိရောက်ရောက် ဖြစ်ပြီလားဆို ကောင်းကောင်းကို မဖြစ်သေးဘူး၊ နှစ်ပေါင်းသာ ဒီလောက်ကြာသွားတာပေါ့ နော်၊ ဆိုတော့ ဒီအချိန်မှာ ကျနော်တို့က ပျက်စီးသွားတဲ့ အဆောက်အဦတွေကို ပြန်ပြီးတော့မှ အင်မတန်ခိုင်ခန့် တဲ့ဟာ ဆောက်လုပ်တာကလည်း တစ်ပိုင်း၊ တကယ့်ကို Electronic Government စနစ်ဆိုတာ ကမ္ဘာမှာလည်း ကျင့်သုံးအောင်မြင်နေပြီးသား ကိုယ်တွေနိုင်ငံလောက်ပဲ ကျန်တော့တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒါကိုလည်း အားစိုက်ပြီးတော့မှ လုပ်လိုက်မယ်ဆိုလို့ရှိရင် အခုပျက်စီး ဆုံးရှုံးသွားတဲ့ဟာတွေ၊ ကျနော်တို့ ဆက်သွယ်ရ လုပ်ရကိုင်ရ အခက်အခဲတွေ အားလုံးကို ကျော်လွန်ပြီးသား ဖြစ်သွားနိုင်တယ်ပေါ့နော်၊ Online စနစ် နဲ့ သွားတဲ့ဟာတွေကို ပိုပြီးတော့မှ Promotion လုပ်နိုင်တဲ့အချိန် ဒီအချိန်က ဘာပဲဖြစ်ဖြစ် အခက်အခဲ တစ်ခုခုဖြစ် သွားလို့ရှိရင် ကျနော်တို့က အဲဒီအပေါ်ကနေမှ ဖြစ်ပျက်သွားတဲ့ ဆုံးရှုံးမှုကို ပိုပြီး ဖာထေးနိုင်တာပေါ့ဗျာ” ဟု ပြော သည်။
Electronic Government စနစ်သည် အီလက်ထရွန်နစ် နည်းပညာသုံး ခေတ်မီဆက်သွယ်ရေး စက်ပစ္စည်းများ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ ကွန်ပျူတာကွန်ရက်ဆိုင်ရာ စက်ပစ္စည်းများ၊ အိုင်စီတီနည်းပညာနှင့် အင်တာနက် နည်းပညာများ စသည်တို့ကို အသုံးပြုကာ အစိုးရဝန်ဆောင်မှုအား ပြည်သူများထံ လျင်မြန်ကောင်းမွန်စွာ ပေးပို့ သည့်စနစ်ဖြစ်သည်။
ထိုစနစ်အား မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်အထိ အောင်မြင်စွာ အသုံးပြုနိုင်ခြင်း မရှိသေးပေ။
Electronic Government စနစ် မအောင်မြင်ရခြင်းသည် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု အပိုင်းတွင် အားနည်းခြင်းနှင့် ပြုပြင်ပြောင်းလဲမှုအား မလိုလားသည့် အင်အားစုများ ရှိခြင်းကြောင့်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
Electronic Government စနစ်ကျင့်သုံးလိုက်ပါက လာဘ်စားမှုများ ခက်သွားမည်ဖြစ်ကြောင်း၊ မဟုတ်မမှန် တာများ လုပ်ရန်ခက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ မဖြစ်စေချင်သောကြောင့် ၎င်းစနစ်အား မကျင့်သုံးခြင်းလား ဆိုကာ တွေးရန်ရှိနေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။
E-Government အကောင်အထည်ဖော်ရေး ပြပွဲလုပ်စဉ်
၎င်းက “ဒါက လုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်၊ လုပ်မယ်ဆိုပြီး အစိုးရတိုင်းက ပြောခဲ့ဖူးတယ်ပေါ့နော်၊ ကျနော် သိသလောက် ပြောခဲ့ဖူးတယ်၊ မဖြစ်သွားတဲ့ အကြောင်းအရင်းကိုတော့ ကျနော် ဥာဏ်မီသလောက် ပြောရရင် နည်းပညာကြောင့်ရယ်လို့တော့ မဟုတ်ဘူး၊ ခုနက ပြောသလိုပေါ့ ဒီဟာတွေကို တမင်သပ်သပ်ပဲ မလုပ်ချင်လို့ လား၊ ဘာကြောင့်လဲ ကျနော်သေချာတော့ မသိဘူးပေါ့၊ လုပ်ရမယ်လို့လည်း သိထားသလို လုပ်မယ်လို့လည်း ပြောထားပြီးသားပါ၊ မဖြစ်ဖြစ်အောင် မလုပ်တာကတော့ တဲ့(တည့်)ပြောရရင် အစိုးရတွေ ညံ့လို့လို့ ကျနော်က တော့ ပြောချင်တယ်။ လုပ်မယ်ဆိုရင် ခုနပြောသလို တစ်နိုင်ငံလုံး အတိုင်းအတာအရ မဟုတ်ရင်တောင်မှ လုပ်မယ်ဆိုရင် စလုပ်လို့ရတဲ့ နေရာတွေ အခြေအနေတွေ ရှိရဲ့သားနဲ့ ဒီလိုမျိုးရှိရင်းစွဲ နေတာကတော့ တော်တော် လေးကို ရှေးရိုးစွဲပြီးတော့မှ အတွေးအခေါ် အယူအဆအားဖြင့် သတ္တိမရှိဘူးလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက တော့ အဲဒီဟာစကားကို မပြောချင်ပေမယ့်လည်း ဒါကြောင့်များ မလုပ်တာလားလို့ ပြောချင်တယ်၊ လာဘ်စားဖို့ ခက်သွားပြီ၊ မဟုတ်မမှန်တာတွေ လုပ်ဖို့ခက်သွားပြီ၊ အဲဒါတွေကို မဖြစ်စေချင်လို့များ မလုပ်တာလားလို့တောင် တစ်ခါတစ်လေ တွေးဖို့တောင်ရှိတယ်” ဟု ပြောသည်။
အစိုးရရုံးဌာနနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေရှိ ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် အဆောက်အဉီများအနက် ဖို့မြေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အဦများမှာ ပိုမို ထိခိုက်ပျက်စီးသည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ရုံးအဆောက်အဦများ ပြန်လည်တည်ဆောက်ရာတွင် မြေစမ်းသပ်မှု(Soil Test)များ ဆောင်ရွက်ပြီးမှ သာ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဟု ၎င်းက ပြောသည်။