CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သည် တရုတ်-အိန္ဒိယ လမ်းကြောင်းအတွက် အဓိကအချက်အချာကျသည့် နေရာတွင် ရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)၏ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့်အဖွဲ့နှင့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဗဟိုအဖွဲ့ဝင် မစ္စတာဝူကန် ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
တရုတ်မှ ခေါ်တွေ့ခြင်းသည် သူ့အကျိုးစီးပွားအတွက်ဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေမှုက အပေးအယူ မျှသော သဘောတူညီချက် မဖြစ်ခဲ့သည့် လက္ခဏာဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို တွေ့ရစဉ်
၎င်း “တခြားနေရာတော့ မသိဘူး။ ကချင်ပြည်နယ်အနေနဲ့ ဗန်းမော်ကလည်း အရေးပါတယ်။ ရေကြောင်းရော သွားလာနိုင်တဲ့ အနေအထားလည်း ရှိတယ်။ နောက်အနာဂတ်မှာ ဥပမာ တရုတ်-အိန္ဒိယ ဆက်ဆံရေး လမ်းကြောင်း ပေါ်လာမယ်ဆိုရင် ဗန်းမော်က အဲဒီနေရာမှာ အဓိကအချက်အချာကျတဲ့ နေရာတစ်ခုအနေနဲ့ မြင်ရ တယ်ပေါ့။ အဲဒီတော့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးဟာ ဗန်းမော်က ပိုပြီး အချက်အချာကျတယ်လို့ ပြောရမှာပေါ့။ တိုက်ပွဲဖြစ်တာက စကစနဲ့ ဖြစ်တာလေ။ တရုတ်နဲ့ စကားပြောတာကြတော့ သူတို့နယ်စပ် တံခါးတွေ ဖွင့်တာလေ။ အကျိုးစီးပွားက မတူဘူးလေ။ ဟိုတုန်းကတော့ အထူးဒေသ(၁)တို့ ဘာတို့ ရှိတယ်။ အဲဒီဟာကိုလည်း KIO/KIA က တက်သိမ်းလိုက်တယ်။ အဲဒီနောက်ပိုင်း တရုတ်နဲ့လည်း တင်းမာပြီးတော့ တရုတ်ကလည်း ဂိတ်တွေဘာတွေ ပိတ်ပစ်လိုက်တော့ KIO အနေနဲ့လည်း ဂိတ်တွေ အကုန်လုံး ပိတ်လိုက်တယ်။ အဲဒီမှာ စကားပြောဖို့ ဖြစ်လာတယ်။ ပြောလိုက်တဲ့အချိန်မှာ တစ်ဖက်မှာ နယ်စပ်မှာရှိတဲ့ ဂိတ်တွေ ပြန်ဖွင့်သွားတယ်။ တစ်ဖက်မှာ ဗန်းမော်ပေါ့နော် ကချင်ပြည်နယ်ရဲ့ မြို့တော်ကို အသည်းအသန် တိုက်နေကြတယ်။ တွေးကြည့်ရင်တော့ တစ်ဖက်နဲ့ တစ်ဖက် တွေ့တယ်ဆိုပေမယ့် အကုန်လုံး ငြိမ်းချမ်းသွားတယ်။ အပေးအယူ မျှသွားတယ်ဆိုတဲ့ သဘောတူညီချက်က မဖြစ် ဘူးဆိုတဲ့ လက္ခဏာပေါ့” ဟု ပြောသည်။
အဆိုပါ တွေ့ဆုံမှုမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပြန်ဖွင့်ရေးနှင့် ကချင်မှာ အပစ်ရပ်ပြီး တပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တရုတ်ဘက်က တိုက်တွန်းခဲ့ပြီးနောက် နယ်စပ်ဂိတ်များ ပြန်ဖွင့်ခဲ့ကြသည်။
သို့သော် တိုက်ပွဲများမှာ ရပ်တန့်မသွားဘဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်သည်။
KIA ကို တွေ့ရစဉ်
ထို့အပြင် KIA တိုက်ခိုက် သိမ်းပိုက်ထားသည့် မြို့များမှာ တရုတ်နယ်စပ်နှင့် ကပ်လျက်ရှိသည့် မြို့များဖြစ်သော ကြောင့် မြန်မာ့တပ်မတော်ဘက်မှ လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်နိုင်ရန်မှာလည်း မလွယ်ကူကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “KIA တို့ဘာတို့ သူတို့က တိုက်ပြီး သိမ်းပြီးတာနဲ့ တစ်ပြိုင်နက်တည်း အခြေခံဒေသ တည်ဆောက်ရေး တစ်ခါတည်းလာတာ။ ဘာဖြစ်လို့လဲဆိုတော့ အစကတည်းက လိုင်ဇာတို့ဘာတို့မှာ မြစ်ကြီးနားတို့၊ ဗန်းမော်တို့ ဘာတို့ အဲဒီဘက်က CDM လုပ်ထားတဲ့ ဆရာကြီးတွေ၊ ဆရာဝန်ကြီးတွေ ရောက်နေတာ။ အဲဒါနဲ့အတူတူ အခြေခံ ဒေသတည်ဆောက်ရေး တစ်ခါတည်း တန်းလုပ်တာ။ KIA က MNDAA ထက်သာတာ ဘာလဲဆိုတော့ KIA သိမ်း ထားတာ မြေပုံကြည့် အကုန်လုံးတရုတ်နယ်စပ်မှာ၊ တရုတ်နဲ့ ကပ်နေတဲ့ နယ်စပ်တွေ ဖြစ်တယ်လေ။ အဲဒီဒေသ တွေက ဟိုဘက်ကမ်းကူးလိုက်တာနဲ့ တရုတ်ပြည်ပဲ။ အဲဒီတော့ လေယာဉ်ပျံတွေကလည်း လာဗုံးမကြဲနိုင်ဘူး။ အဲဒီတော့ သူတို့ကောင်းကောင်း တည်ဆောက်နိုင်တယ်” ဟု ပြောသည်။
လက်ရှိ KIA သိမ်းပိုက်ရရှိထားသည့် မြို့များထဲတွင် တရုတ်နိုင်ငံအတွက် အင်မတန်လိုအပ်သည့် အမေရိကန် ဒေါ်လာ ဘီလီလျံချီတန်သော မြေရှားသတ္တုများ ထွက်ရှိရာ ချီဖွေ-ပန်ဝါမြို့အပြင် ကျောက်စိမ်းများ ထွက်ရှိသည့် ဖားကန့်မြို့မှ နေရာအများစု ပါဝင်ကြောင်း သိရသည်။
KIA သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ၃ နှစ်ကျော် ကာလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ်ရှိ မြို့နယ် ၁၃ မြို့နယ် အပါအဝင် တပ်စခန်း ကြီးငယ် ၃၀၀ နီးပါကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။