CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
ထိုင်းနိုင်ငံက ကမကထပြုလုပ်၍ မြန်မာ့အရေး ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့ မှာ ကျင်းပခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဒုဝန်ကြီးများ၊ အကြံပေးများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ နယ်စပ် ဖြတ်ကျော် ရာဇဝတ်မှုများ တိုက်ဖျက်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ သည်။
မြန်မာကိုယ်စားပြု အနေဖြင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာ စွန်းဝေတုန်း၊ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ ရှရှီဗစ်ခရမ် မစ်ဆရီ၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာရစ်ဆတ်ရမ်ဖုန်၊ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး ပုဂ္ဂိုလ် မစ္စတာ မိုဟာမက် တိုဟိဒ် ဟူစိန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်ရစ်အေမန်နလို၊ လာအို နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး တို့ဖြင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် ဝန်ကြီး ဦးသန်းဆွေသည် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း များ တားဆီးနှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင်တင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် ဆက် လက် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၀ ရက်တွင် မလေးရှား၊ လာအို၊ အင်ဒိုနီးရှား၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ် တို့မှ ကိုယ်စားလှယ်များက ဒီဇင်ဘာ ၁၉ ရက်နေ့က ဆွေးနွေးခဲ့သော မြန်မာ့အရေးကို ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။
အဆိုပါ အစည်းအဝေးကိုတော့ မြန်မာဘက်က တက်ရောက်ခြင်း မရှိတော့ဘဲ ဒီဇင်ဘာ ၁၉ ရက်တွင် ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လာခဲ့ကြောင်း သိရသည်။