CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉
KIA- NUG နှင့် မိတ်ဆွေဖွဲ့ရန် စဉ်းစားမည်မဟုတ်ဟု ဆိုသည့်စာကို ကသာမြို့အတွင်း ဖြန့်ဝေနေခြင်းက မိမိတို့ကို အပုတ်ချခြင်းဖြစ်သလို ပြည်သူလူထု အထင်မြင်လွဲမှားအောင် လုပ်ခြင်းဖြစ်သည်ဟု ရှမ်းနီအမျိုးသားများတပ်မ တော်(SNA)၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့အတွင်းမှာ KIA-NUG နှင့် မိတ်ဆွေဖွဲ့ရန် စဉ်းစားမည်မဟုတ်ကြောင်း စာများကို SNA အသွင်ယူ၍ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
SNA ပြောရေးဆိုခွင့်ရှိသူက “အခု လိုင်းပေါ်မှာ ပျံ့နေတဲ့စာက SNA က ဖြန့်ဝေတဲ့စာမဟုတ်ဘူး။ SNA ကို အပုတ်ချဖို့အတွက် တမင် အကွက်ဆင်ပြီး ဖြန့်ဝေနေတာဖြစ်ပါတယ်။ ဒီစာကို ဘယ်သူတွေက ဖြန့်ဝေနေတာလဲ ဆိုတာ လူထုက ခန့်မှန်းနိုင်ပါလိမ့်မယ်။ အခု ကျနော်တို့ SNA ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အင်အားစုတွေ ရှိတယ်။ ရှမ်းနီဒေသကို သိမ်းပိုက်ဖို့လုပ်နေကြတယ်။ အခုလိုမျိုး စာဖြန့်တာက SNA ဟာ စကစနဲ့ ပေါင်းနေလို့ ငါတို့ တိုက်ရတာ ဒါကြောင့် ငါတို့ ရှမ်းနီဒေသကို နယ်ချဲ့တာ မမှားဘူးဆိုတာမျိုး လူထုက ထင်အောင်လို့ တမင် အကွက်ဆင်ပြီး ဝါဒဖြန့်တာဖြစ်ပါတယ်။ SNA ဟာ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းဖြစ်သလို တိုင်းရင်းသား အားလုံးနဲ့လည်း ချစ်ချစ်ချင်ချင် အတူယှဉ်တွဲနေထိုင်ရေးကို လိုလားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်”ဟု ပြောသည်။
SNA က ဖြန့်ဝေနေတဲ့စာဆိုပြီး ပျံ့နှံ့နေတဲ့စာကို တွေ့ရစဉ်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့က ကသာမြို့အတွင်းမှာ SNA က KIA-NUG နှင့်မိတ်ဆွေဖွဲ့ရန် စဉ်းစားမည် မဟုတ်ဘူးဆိုသော စာများကို ဖြန့်ဝေနေကြောင်း သတင်းများ ထွက်ပေါ်လာသလို သတင်းဌာနတချို့ကလည်း ဖော်ပြလျက်ရှိကြသည်။
အဆိုပါ ပျံ့နှံ့နေသော စာသည် SNA မှ ဖြန့်ဝေခြင်းမဟုတ်ကြောင်း၊ SNA ကို အပုတ်ချရန်အတွက် ဝါဒဖြန့်ခြင်းဖြစ် ကြောင်း၊ SNA နှင့် ရှမ်းနီဒေသကို စစ်ရေးနယ်ချဲ့ရန် တမင်အကွက်ဆင်ခြင်းဖြစ်ကြောင်း၊ ရှမ်းနီလူမျိုးများ၏ ဂုဏ် သိက္ခာကို ကျဆင်းအောင် ဝါဒဖြန့်လုပ်ကြံခြင်းဖြစ်ကြောင်း SNA ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိတွင် SNA သည် ဒေသတည်ငြိမ်ရေးနှင့် ဒေသတွင်းနေ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်စိမ် လုံခြုံရေးအတွက် ဆောင်ရွက်နေသော်လည်း SNA ထိန်းချုပ်နယ်မြေများတွင် KIA/PDF က စစ်ရေးလှုပ်ရှား တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့က ဗန်းမောက်မြို့နယ်အတွင်းမှာ SNA က ကာကွယ်ဆေးထိုးပေးနေစဉ်
ရှမ်းနီအမျိုးသားများတပ်မတော်(SNA)သည် ၁၉၈၉ ခုနှစ်၊ ဇူလိုင်လက စတင်ထူထောင်ခဲ့ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ပါဝင်သွားသော တမူးခရိုင်၊ ဟုမ္မလင်းခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ ဗန်းမောက်ခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်နှင့် ကချင်ပြည်နယ် အတွင်း ပါဝင်သွားသည့် မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်းခရိုင်၊ ဗန်းမော်ခရိုင်၊ ကားမိုင်း၊ အင်းတော်ကြီး ဒေသများကို စုစည်း၍ ရှမ်းနီပြည်နယ်ရရှိရေး ကြိုးပမ်းနေသော ရှမ်းနီလက်နက်ကိုင်ဖြစ်သည်။