CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃
အာရက္ခတပ်တော်(AA)သည် မကွေးတိုင်းထဲသို့ ဝင်ရောက်ပြီး မြန်မာ့တပ်မတော်၏ လက်နက်စက်ရုံများ သိမ်းပိုက်နိုင်ရေးသည် ဒုတိယ အလေးထားပြီး ဝင်ရောက်ရမည့် စစ်မျက်နှာဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် မြန်မာ့တပ်မတော်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ ဂွမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်မြှင့်နေသည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် AA က ထုတ်ပြန်ခဲ့သည်။
AA အနေဖြင့် ဧရာဝတီတိုင်းအောက်တွင် မြေအောက်လှုပ်ရှားနေသော တော်လှန်ရေးတပ်ဖွဲ့များနှင့် ပေါင်းစည်းမိ လျှင် ဧရာဝတီတိုင်းသည် ထူးခြားသည့် ပြောက်ကျားဒေသကြီး တစ်ခုအဖြစ် ပေါ်လွင်နိုင်ကြောင်း၊ မကွေးတိုင်း သည် AA ၏ ဒုတိယအလေးထားရမည့် စစ်မျက်နှာပြင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်က လမ်းဆုံ တစ်နေရာကို တွေ့ရစဉ်
၎င်းက “ကျနော်တော့ အခုကတော့ ကြားရတဲ့သတင်းတွေအရ ငါးသိုင်းချောင်းတောင် ရောက်နေပြီလို့ ပြောပါ တယ်၊ အဲတော့ ငါးသိုင်းချောင်းဆိုတာ ဧရာဝတီတိုင်းပါပဲ၊ ဧရာဝတီတိုင်းမှာ ကျနော်တို့ AA တပ်ဖွဲ့ ဝင်လာပြီဆိုရင် တော့ ဧရာဝတီတိုင်းအောက်မှာ ရှိနေတဲ့ မြေအောက်လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပေါင်းစည်း ဆက်စပ်မိလို့ ရှိရင်တော့ ဧရာဝတီတိုင်းဟာ ထူးခြားတဲ့ ပြောက်ကျားဒေသကြီး တစ်ခုအဖြစ် ကျနော်တို့ ပေါ်လွင် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ၊ ဂွကတော့ မကြာခင်ကျတော့မှာပါ၊ အဲတော့ အခုအမ်းလည်း ကျသွားပြီး ဆိုတော့ ကျနော်တို့ ကျန်တာကတော့ အဓိကအားဖြင့် ကျောက်ဖြူနဲ့ စစ်တွေဖြစ်ပါတယ်။ စစ်ရေးအရ ပြောရလို့ရှိ ရင်တော့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများ ဆုံးရှိတဲ့ အင်အားစုဖြစ်တဲ့အတွက် ကျောက်ဖြူကို သိမ်းစရာမလိုပါဘူး၊ ကျနော်တို့ လိုအပ်တာတော့ အခုစစ်တွေပဲ ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာ AA က အမ်းကိုလည်း ရပြီးပြီဆိုရင်တော့ ဒီကျနော်တို့ မကွေးတိုင်းထဲကို ဝင်ရောက်ပြီး တော့ စစ်ကောင်စီရဲ့ ထောက်ပို့၊ လက်နက်စက်ရုံတွေ သိမ်းပိုက်ရေးဘက်ဟာ သူဒုတိယ အလေးထားပြီးတော့ ဝင်ရောက်ရမဲ့ မျက်နှာပြင်လို့၊ စစ်မျက်နှာလို့ ယူဆပါတယ်ခင်ဗျ” ဟု ပြောသည်။
AA နှင့်အတူ မြန်မာပြည်သူတစ်ရပ်လုံး လွတ်မြောက်ရေး လက်တွဲ ပူးပေါင်းမည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် AA ကိုပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြထားသည်။
ထို့ပြင် NUG က ဧရာဝတီတိုင်းစစ်ဌာနကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး ဧရာဝတီတိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေသည်ဟုလည်း ထုတ်ချက်ပြန်ချက်တွင် ဖော်ပြထားသည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
နှစ်ဖက် ဦးတည်ချက်များ မတူသောကြောင့် စစ်ပွဲကိုစစ်ပွဲဖြင့်ပဲ ပြန်အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,က ကိုယ်ဘာလုပ်ရမလဲဆိုတဲ့ ကိုယ်စီတာဝန်က ရှိပြီးသားပဲလေ၊ အဲဒီအပိုင်းကို အောင်အောင်မြင် မြင်နဲ့ တိတိကျကျ လုပ်သွားမယ်ဆိုရင်တော့ အားလုံးအဆင်ချောသွားပါလိမ့်မယ်။ အဓိက အရေးအကြီးဆုံး အချက်က တစ်ဖက်က ဦးတည်တာက စစ်ပွဲကိုဦးတည်တာ နစကဘက်က ဘာကိုဦးတည်တာလဲဆိုတော့ ငြိမ်းချမ်းရေးအရ သွားလို့ရမယ်ဆိုတဲ့ ပုံစံကိုဦးတည်တာ။ အဲတော့ အဲဒီနေရာမှာ ပြဿနာက တစ်ဖက်က ဆုံပွိုင့် ပေါ့၊ ဆုံမှတ်သွားမတူတဲ့ အတွက်ကြောင့် ဘယ်တော့မှ ဒီဟာကို ညှိယူလို့ရမဲ့ အနေအထားမရှိဘူး။ အဲတာကြောင့် မို့လို့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ စစ်ပွဲကိုစစ်ပွဲနဲ့ပဲ ပြန်ပြီးတော့ အဆုံးသတ်နိုင်ပါလိမ့်မယ်၊ အဲတာက အဓိက အချက်ပါ၊ များသောအားဖြင့်တော့ စစ်ရေးမှာ အသာရပြီးတော့ စစ်ရေးကိုပဲ စဥ်းစားထားတဲ့သူတွေက ကိုယ့်ဘက် က အနိုင်ရပြီ၊ နိုင်ပွဲတွေ ဆက်လာပြီလို့ ခံစားတဲ့အချိန်ကြရင် နယ်မြေတွေ ဆက်ချဲ့လာတာ ထုံးစံပဲ၊ ဒါပေမယ့် အဓိက,က အဲလိုဝင်လာတဲ့အချိန်မှာ ဧရာဝတီတိုင်းမှာရှိတဲ့ ဒေသခံ ပြည်သူလူထုရဲ့ သဘောတရား၊ နောက် နစက ဘက်က ဘယ်လိုသွားမလဲ၊ နောက် တပ်မတော်ဘက်ကရော ဘယ်လိုဒါကို မဖြစ်အောင် ကာကွယ်မလဲပေါ့၊ အဲတာတွေက အဓိကအရေးကြီးပါတယ်၊ ပေါင်းစပ်ညှိနှိုင်းမှုကပဲ AA ဆင်းလာမဲ့ လမ်းကြောင်းကို တားဆီးနိုင်ပါ လိမ့်မယ်”ဟု ပြောသည်။
AA သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၃ မြို့နယ်အား သိမ်းပိုက်ထားပြီး ယခု ဂွမြို့အား သိမ်းနိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း၊ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့ ၃ မြို့ကိုသာ သိမ်းပိုက်ရန် ကျန်တော့သည်ဟု AA က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူ အများအပြားလည်း ရှိလာနေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် စစ်ပြေး ဒုက္ခသည် ၄ သန်းကျော် ရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် စာရင်းတွင် ဖော်ပြထားသည်။