CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၇

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် တာဝေးပျံသန်းနိုင်သည့် တိုက်ခိုက်ရေးဒရုန်းများကို တရုတ် နိုင်ငံအတွင်းမှာ ထုတ်လုပ်ရန် လက်နက်စီမံကိန်းတစ်ခု တည်ထောင်ခဲ့ကြောင်း ဥရောပထောက်လှမ်းရေး အေဂျင်စီမှ သတင်းရင်းမြစ် ၂ ခုက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ Almaz-Antey ၏ လက်အောက်ခံ IEMZ Kupol ကုမ္ပဏီသည် တရုတ်နိုင်ငံအတွင်း ဒေသခံ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် Garpiya-3 (G3) အမည်ရှိ ဒရုန်းမော်ဒယ် အသစ်တစ်ခုကို ထုတ်လုပ် ခဲ့ပြီး စမ်းသပ်ပျံသန်းနေသည်ဟု ရိုက်တာသတင်းဌာနမှ ရရှိခဲ့သည့် မှတ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။

မိမိတို့ ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံအတွင်းရှိ စက်ရုံတစ်ရုံ၌ G3 ဒရုန်းများ အပါအဝင် အခြားဒရုန်းများကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း Kupol ကုမ္ပဏီက ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ပြောကြားခဲ့သည်ဟု မှတ်တမ်း များတွင် ဖော်ပြထားသည်။

ဒရုန်းတစ်စင်းနဲ့ စစ်သား ၂ ဦးကိုတွေ့ရစဉ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး Kupol ကုမ္ပဏီ၊ Almaz-Antey ကုမ္ပဏီနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန တို့ကတော့ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုန့်ပြန်ခဲ့ခြင်းမရှိပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မိမိတို့အနေဖြင့် ထိုအစီအစဉ်ကို သတိမပြုမိကြောင်းနှင့် တရုတ်သည် ဒရုန်းများ တင်ပို့ရောင်းချမှုနှင့်ပတ်သက်ပြီး စည်းကမ်းများ တင်းကြပ်စွာ ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်း ဌာနသို့ ပြောကြားခဲ့သည်။

လန်ဒန်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု၏ သုတေသီတစ်ဦးဖြစ်သူ ဖေဘီယန် ဟင့်ဇ် (Fabian Hinz)က ယခုထွက်ပေါ်နေသည့် သတင်းများသည် မှန်ကန်ခဲ့ မည်ဆိုပါက ကြီးမားသည့် ဖြစ်စဉ်တစ်ခု ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ဒရုန်းထုတ်လုပ်မည့် ချိစ်ပြားများကိုတွေ့ရစဉ်

"တရုတ်ဟာ လက်နက်စနစ်တွေမှာ အသုံးပြုနိုင်မယ့် အစိတ်အပိုင်းတွေကို ဖြန့်ချိပေးနေတယ်လို့ ယူဆခံထားရ ပေမယ့် မျက်မြင်ကိုယ်တွေ့တော့ မတွေ့ရသေးပါဘူး။ အခုလိုမျိုး လက်နက်စနစ် တစ်ခုလုံးကို လွှဲပြောင်းပို့ဆောင် ပေးတဲ့ မှတ်တမ်းတွေ မထွက်ပေါ်ခဲ့ဖူးပါဘူး" ဟု ဟင့်ဇ်က ပြောသည်။

ဝါရှင်တန်အခြေစိုက်  New American Security စင်တာမှ ကျွမ်းကျင်သူဖြစ်သည့် ဆင်မြူရယ် ဘန်းဒက် (Samuel Bendett)ကမူ တရုတ်သည် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို စိုးရိမ်သဖြင့် ရုရှားကို စစ်ရေးအရ ကူညီပေးနေမှုကို ပွင့်ပွင်းလင်းလင်း ထုတ်ပြောရန် တွန့်ဆုတ်နေခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ယခုထွက်ပေါ်လာသည့် သတင်းများအရ တရုတ်နိုင်ငံသည် ရုရှား၏ စစ်ဘက်သုံးဒရုန်းများကို လက်ခံ ထုတ်လုပ်ပေးနေသည်ဆိုသည့်အချက်အား အတည်ပြုရန် နောက်ထပ် အချက်အလက်များ လိုအပ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ