CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၄

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇာလန်းစကီး (Volodymyr Zelenskyy)က ယူကရိန်းကို အကူအညီသစ်များ ဆက်လက် ထောက်ပံ့ပေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကို တိုက်တွန်းခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဘိုင်ဒန်ကလည်း ရုရှားသည် ယူကရိန်းအား အမေရိကန်က အကူအညီမပေးတော့ဘဲ စွန့်ပစ်မည့် အခြေအနေကို စောင့်ဆိုင်းနေကြောင်း သတိပေးခဲ့သည်။

ထို့နောက် ရုရှားတပ်ဖွဲ့များကို တွန်းလှန်တိုက်ခိုက်ရန် ယူကရိန်းအား ဒေါ်လာ သန်း ၂၀၀ တန်ကြေးရှိ လက်နက် အကူအညီပေးမည်ဟု ကြေညာခဲ့ပြီး ဇာလန်းစကီးအား အပြည့်အဝ ထောက်ခံမည်ဟု ကတိပြုခဲ့သည်။

အကယ်၍ ရီပတ်ဘလစ်ကန်များအနေဖြင့် ယူကရိန်းနှင့် အစ္စရေးအတွက် ဒေါ်လာ ၆၁ ဒသမ ၄ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီသစ် အပါအဝင် စစ်ဘက်ဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်သစ်ကို အတည်ပြု မပေးပါက ထိုလုံခြုံရေး အကူအညီသည် နောက်ဆုံးအကူအညီများထဲမှ တစ်ခုဖြစ်လာလိမ့်မည်ဟု အိမ်ဖြူတော်က ပြောကြား ခဲ့သည်။ 

ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

လက်ရှိတွင် ယူကရိန်းနှင့် အစ္စရေးအတွက် စစ်ရေး အကူအညီများပေးမည့် အစီအစဉ်သည် ရီပတ်ဘလစ်ကန်များ ၏ ထောက်ခံခြင်း မရှိမှုကြောင့် လွှတ်တော်၌ မတိုးသာ/မဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသည်။ 

ထိုအစီအစဉ်ကို အတည်ပြုပေးရန် လက်ယာယိမ်း ရီပတ်ဘလစ်လန်များ၏ ငြင်းဆိုမှုများသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladamir Putin) ကို ယူကရိန်းစစ်ပွဲတွင် အသာစီးရစေရန် ခရစ္စမတ်လက်ဆောင်ပေးသည့် သဘောမျိုး ဖြစ်လာနိုင်ကြောင်း ဘိုင်ဒန်က သတိပေးခဲ့သည်။

"ယူကရိန်းကို အမေရိကန်က အကူအညီတွေ မပေးတော့ဘဲ စွန့်လွှတ်လိုက်မယ့် အခြေအနေကို ပူတင်က အရမ်း လိုလားနေပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုတာကို ကျနော်တို့ သက်သေပြရပါလိမ့်မယ်" ဟု ဘိုင်ဒန်က ဇာလန်းစကီး နှင့် အစည်းအဝေး ပြုလုပ်ပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ဇာလန်းစကီးသည် ၎င်း၏ တတိယ အကြိမ်မြောက် အမေရိကန်ခရီးစဉ်အတွင်း သံတမန်ရေးအရ အောင်မြင်မှုများ ရရှိစေရန် ကြိုးပမ်းအားထုတ် နေချိန်တွင် ဘိုင်ဒန်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ဇာလန်းစကီးသည် ဘိုင်ဒန်အပြင် ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံကာ အကူအညီ များကို တိုက်ရိုက်တောင်းခံခဲ့ပြီး အမေရိကန်၏ အကူအညီများဖြင့် ရုရှားကို စစ်ပွဲတွင် အနိုင်ရယူမည့် ယူကရိန်း၏ အစီအစဉ်များကို ချပြခဲ့သည်။

Source: အယ်လ်ဂျာဇီးယား