CNI International News

တိုကျို၊ ဒီဇင်ဘာ ၁၄

ဂျပန်နိုင်ငံတွင် ဆေးခြောက်ကို ဆေးဝါးကုသမှုခံယူရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့်ပေးခဲ့ကြောင်း Japan Times မှ ဖော်ပြခဲ့သည်။ 

ဆေးခြောက်သည် ကျန်းမာရေးကို ထိခိုက်စေပြီး ရာဇဝတ်မှုများနှင့် ဆက်နွှယ်နေသည့် အရာတစ်ခုအဖြစ် ဂျပန်တွင် အဆိုးဘက်မှ ရှုမြင်ခံထားရသော်လည်း မကြာသေးမီက ဆေးခြောက်၏ ကောင်းမွန်သော အကျိုး သက်ရောက်မှုများကြောင့် ဂျပန်လူထု၏ အမြင်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ဂျပန်အစိုးရသည် ဒီဇင်ဘာလ အစောပိုင်းက ပြန်လည်ပြုပြင်ထားသည့် ဆေးခြောက်ထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ဆေးခြောက်တွင် ပါဝင်သော ဒြပ်ပစ္စည်းများအား ဆေးဝါးကုသရန် ရည်ရွယ်ချက်ဖြင့် အသုံးပြုခွင့် ပေးခဲ့သည်။

 Epidiolex ဆေးကို တွေ့ရစဉ်

ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် လူနာများအတွက် လက်ရှိအသုံးပြုနေသော ဆေးဝါးများသည် ထိရောက်မှု သိပ်မရှိသဖြင့် ထိုလူနာများသည် ဗြိတိန် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့သည့် Epidiolex ဆေးဖြင့် ကုသမှုခံယူရန် စောင့်ဆိုင်းနေကြသည်။

Epidiolex ဆေး၏ အဓိကပါဝင်ပစ္စည်းသည် ဆေးခြောက်ပင်များမှ ထုတ်ယူထားသည့် cannabidiol (CBD) ဖြစ်သည်။ 

အမေရိကန်နိုင်ငံတွင် ထိုဆေးဝါးကို ဝက်ရူးပြန်ရောဂါ ကုထုံးတစ်ခုအဖြစ် အတည်ပြုခဲ့သည်။

ဂျပန်နိုင်ငံတွင် Epidiolex ဆေးကို ဓာတ်ခွဲခန်း၌ စမ်းသပ်မှုများ ဆက်လက် လုပ်ဆောင်နေပြီး ပြန်လည် ပြုပြင်ထားသည့် ဆေးခြောက်ထိန်းချုပ်ရေးဥပဒေကို မပြဋ္ဌာန်းမီအချိန်အထိ ထိုဆေးဝါးအား အသုံးပြုခဲ့ခြင်း မရှိပေ။

ထိုဆေးဝါးကို ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြီး ဈေးကွက်တွင် ရောင်းချခဲ့မည်ဆိုပါက ဂျပန်နိုင်ငံအတွင်း ဝက်ရူးပြန်ရောဂါ ခံစားနေရသည့် လူနာပေါင်း ၂၀၀၀၀ ခန့်အတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်လာမည် ဖြစ်သည်။

"အဲဒီဆေးကိုသာ အမြန်ဆုံး ရရှိနိုင်မယ်ဆိုရင်တော့ ကျမတို့ ဘဝတွေ အရမ်းကောင်းမွန် လာပါလိမ့်မယ်" ဟု ဝက်ရူးပြန် ရောဂါကို ခံစားနေရသည့်် အသက် ၂၉ နှစ်အရွယ် သားတစ်ဦး၏ မိခင်က ပြောကြားခဲ့သည်။ 

Source: Japan Times