CNI International News

ကိယက်ဗ်၊ မတ်လ ၂၁

ယူကရိန်းနိုင်ငံ တောင်ပိုင်းရှိ ရုရှားတို့ ထိန်းချုပ်ထားသည့် ဇာပိုရီရှား (Zaporizhzhia) နျူကလီးယား ဓာတ်အား ပေးစက်ရုံကို အမေရိကန်က ပိုင်ဆိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ( Donald Trump) နှင့် ဆွေးနွေးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) က ပြောကြားခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထရမ့်က ရုရှား၏ ကျူးကျော်စစ်တွင် အပစ်အခတ်ရပ်စဲရေး ရရှိရန် ၎င်း၏ အစီအစဉ်တစ်ခုအနေဖြင့် ယူကရိန်း၏ နျူကလီးယားစက်ရုံများအား အမေရိကန်၏ ပိုင်ဆိုင်မှုအောက်တွင် ထားရှိနိုင်ကြောင်း ထရမ့်က ဇာလန်းစကီးကို ပြောကြားခဲ့သည်။

ထို့နောက် ယူကရိန်းသမ္မတ ဇာလန်းစကီးက ထရမ့်၏ ပြောကြားချက်များအား သတင်းထောက်များကို ပြန်လည် ပြောကြားခဲ့သည်။

“ကျနော်တို့က ရုရှားသိမ်းပိုက်မှု အောက်မှာရှိနေတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ရုံအကြောင်းကိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်” ဟု ဖင်လန်နိုင်ငံသို့ ရောက်ရှိနေသည့် ဇာလန်းစကီးက ဇာပိုရီရှားနျူကလီးယား ဓာတ်အားပေးစက်ရုံကို ရည်ညွှန်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်တို့ကို တွေ့ရစဉ်

ထိုနျူကလီးယားစက်ရုံသည် ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို စတင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုနျူကလီးယား စက်ရုံကို ပုံမှန်အတိုင်း ပြန်လည် လည်ပတ်နိုင်ရန်အတွက် အချိန် ၂ နှစ်ကျော် ကြာမြင့်ဖွယ်ရှိ သည်။

 အဆိုပါ နျူကလီးယားစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားများသည် ယူကရိန်းနှင့် ဥရောပအတွက် လိုအပ်နေကြောင်း ဇာလန်းစကီးက ပြောသည်။

“အဲဒီ စက်ရုံကို လိုအပ်လားဆိုရင်တာ့ ပြည်သူတွေနဲ့ ဥရောပအတွက် ဖြေရရင် လိုအပ်တယ်လို့ ဖြေရမှာပါ။ ဥရောပ လျှပ်စစ်ဓာတ်အား ကွန်ရက်ကို ပူးပေါင်းဖို့အတွက် အဲဒီစက်ရုံနဲ့ လုပ်ဆောင်နိုင်ပါတယ်”ဟု ဇာလန်းစကီး က ပြောကြားခဲ့သည်။

ထရမ့်သည် ဇန်နဝါရီလက သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင် ခဲ့ချိန်ကတည်းက ၃ နှစ်ကျော်ကြာ ဖြစ်ပွား နေသည့် ရုရှား-ယူကရိန်းစစ်ပွဲကို လျှင်မြန်စွာ အဆုံးသတ်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ဇာလန်းစကီးသည် အမေရိကန်က အဆိုပြုခဲ့သည့် ရက်ပေါင်း ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို ထောက်ခံခဲ့သော်လည်း ရုရှားအစိုးရကမူ ထိုအစီအစဉ်ကို ငြင်းဆိုခဲ့သည်။

ထို့နောက် ယူကရိန်း၏ စွမ်းအင် အဆောက်အအုံများကို တိုက်ခိုက်မှုများအား ရပ်တန့်ပေးမည်ဟု အဆိုပြုခဲ့သည်။

ယူကရိန်းစစ်သားများသည် ရုရှား၏ ကာ့စ်ဒေသကို ထိန်းချုပ်နိုင်ရန် ဆက်လက် တိုင်ခိုက်နေသည့် ကာလပတ်လုံး ရုရှားသမ္မတ ပူတင် (Vladimir Putin) သည် မည်သည့် အပစ်အခတ်ရပ်စဲရေးကိုမဆို သဘောတူလိမ့်မည် မဟုတ် ကြောင်း ဇာလန်းစကီးက ပြောသည်။

“ကာ့စ်ဒေသမှာ ကျနော်တို့ စစ်သားတွေ ရှိနေသရွေ့ သူ (ပူတင်) က အပစ်အခတ်ရပ်စဲရေးအတွက် ဆန္ဒရှိမှာ မဟုတ်ပါဘူး” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်