CNI International News
ဝါရှင်တန်၊ ဩဂုတ် ၁၈
ရုရှားသည် အင်အားအလွန်ကြီးပြီး ယူကရိန်းသည် အင်အားမကြီးသဖြင့် ရုရှားနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံး သတ်ရန် ယူကရိန်းအနေဖြင့် သဘောတူညီမှု ရယူသင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ထရမ့်သည် ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။
ထရမ့်နှင့် ပူတင်သည် ဩဂုတ် ၁၅ ရက်က အမေရိကန်နိုင်ငံ၊ အလက်စကာ (Alaska) ပြည်နယ်တွင် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် ပူတင်က ယူကရိန်း၏ နယ်မြေများကို ပိုမိုရယူလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ယူကရိန်းအနေဖြင့် ဒွန်းနက်စ် (Donetsk) ဒေသတွင် တိုက်ခိုက်မှုများကို ရပ်တန့်ပါက ရုရှားဘက်ကလည်း ရှေ့တန်းစစ်မြေပြင် အများစု၌ တိုက်ခိုက်မှုများကို ရပ်တန့်ပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ထရမ့်က ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) ကို ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
ဇာလန်းစကီးကမူ ပူတင်၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်ဟု ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်း ရင်းမြစ်များက ဖော်ပြခဲ့သည်။
ရုရှားသည် ယူကရိန်းနှင့် စစ်ပွဲ ဖြစ်ပွားလာသည်မှာ ၃ နှစ်ကျော် ကြာမြင့်လာချိန်တွင် ဒွန်နက်စ်ပြည်နယ်၏ နယ်မြေ ၄ ပုံ ၃ ပုံကို သိမ်းယူခဲ့ပြီး ယူကရိန်းတစ်နိုင်ငံလုံး၏ နယ်မြေ ၅ ပုံ ၁ ပုံကို ထိန်းချုပ်ထားနိုင်ခဲ့သည်။
ယူကရိန်းနှင့် ဥရောပ မဟာမိတ်များကမူ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရန် အပစ်အခတ်ရပ်စဲရေးကို ကြိုတင် လုပ်ဆောင်ရမည်ဟု တောင်းဆိုခဲ့သော်လည်း ထရမ့်နှင့် ပူတင်ကမူ အပစ်အခတ်ရပ်စဲရေးမပါဘဲ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူသင့်ကြောင်း သဘောတူခဲ့သည်ဟု ဆိုသည်။
အစောပိုင်းက ထရမ့်သည် အပစ်အခတ်ရပ်စဲရေး မပြုလုပ်ပါက သူ့အနေဖြင့် ပျော်ရွှင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း အစည်းအဝေးတွင် ၎င်း၏ သဘောထား ပြောင်းလဲသွားခဲ့ပုံ ပေါ်သည်။
“ရုရှားနဲ့ ယူကရိန်းကြား ကြောက်မက်ဖွယ် စစ်ပွဲကို အဆုံးသတ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို တိုက်ရိုက် ရယူတာဖြစ်ပါတယ်” ဟု ထရမ့်က ၎င်း၏ Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: ရိုက်တာ