CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၉

ယူကရိန်းသမ္မတ ဇာလန်းစကီးသည် ရုရှားနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို ချက်ချင်းဆိုသလို ရပ်တန့်နိုင်သလို ဆက်ပြီးတော့လည်း တိုက်ခိုက်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump)က ပြောကြားခဲ့ သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ထို့ပြင် ဇာလန်းစကီးသည် ရုရှားက သိမ်းပိုက်ထားသည့် ခရိုင်းမီးယားဒေသကို ပြန်လည်ရယူရန် သို့မဟုတ် နေတိုးအဖွဲ့ထဲသို့ ဝင်ရန် ကြိုးပမ်းမှုများကြောင့် စစ်ပွဲကို မရပ်တန့်နိုင်ခြင်းလည်း ဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

“ယူကရိန်းသမ္မတ ဇာလန်းစကီးဟာ သူဆန္ဒရှိတယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို ချက်ချင်းဆိုသလို ရပ်တန့်နိုင်ပါတယ်။ ဒါမှမဟုတ် သူက စစ်ပွဲကို ဆက်ပြီးတိုက်နိုင်ပါတယ်” ဟု ထရမ့်၏ ဩဂုတ် ၁၇ ရက်တွင် ၎င်း၏ Truth Social လူမှုမီဒီယာ၌ ရေးသားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနဲ့ EU ခေါင်းဆောင်ကို တွေ့ရစဉ်

“လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က အိုဘားမား (Obama) က ခရိုင်းမီးယားဒေသကို ရုရှားကို သိမ်းပိုက်ခွင့်ပြုခဲ့ပြီး အဲဒီဒေသကို ပြန်မယူရပါဘူး။ ယူကရိန်းက နေတိုးအဖွဲ့ထဲ မဝင်ရပါဘူး။ တချို့အရာတွေက ဘယ်တော့မှ မပြောင်းလဲပါဘူး”ဟု ထရမ့်က ရေးသားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးနှင့် ဥရောပခေါင်းဆောင်များသည် အိမ်ဖြူတော်တွင် ထရမ့်နှင့် မတွေ့ဆုံမီ ထိုမှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထရမ့်၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲပြီးနောက် ဇာလန်းစကီးကမူ ခရိုင်းမီးယားဒေသ အပါအဝင် ယခင်က ရုရှားကို အလျှော့ပေးခဲ့ရသည့် အရာများသည် စစ်ပွဲအတွင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) ကို ရဲဆေး တင်ပေးရာ ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ အားလုံးက စစ်ပွဲကို အမြန်ဆုံးနဲ့ ယုံကြည် စိတ်ချနိုင်မယ့် ပုံစံမျိုးနဲ့ အဆုံးသတ်ဖို့ ခိုင်မာတဲ့ ဆန္ဒရှိပါ တယ်။ ငြိမ်းချမ်းရေးဟာလည်း ထာဝရ တည်တံ့ခိုင်မြဲရပါမယ်” ဟု ဇာလန်းစကီးက X လူမှုမီဒီယာတွင် ရေးသားခဲ့ သည်။

ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

“လွန်ခဲ့တဲ့ နှစ်တွေတုန်းက ယူကရိန်းဟာ ခရိုင်းမီးယားဒေသနဲ့ ဒွန်ဘက်စ် (Donbas) ဒေသရဲ့ အချို့အစိတ်အပိုင်း တွေကို လက်လွှတ်ခဲ့ရပါတယ်။ ပူတင်ကတော့ အဲဒီဒေသတွေကို ထိန်းချုပ်ပြီး တိုက်ခိုက်မှု အသစ်တွေ ပြုလုပ်နေ ပါတယ်။ ယူကရိန်းဟာ ၁၉၉၄ ခုနှစ်က လုံခြုံရေး အာမခံချက်တွေ ရရှိခဲ့ပေမယ့် အဲဒီအာမခံချက်တွေက အလုပ် မဖြစ်ခဲ့ပါဘူး” ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းသည် ကိယက်ဗ် (Kyiv)၊ အိုဒက်ဆာ (Odesa) သို့မဟုတ် ခါကိဗ် (Kharkiv ) ဒေသများကဲ့သို့ ခရိုင်းမီးယားဒေသကိုလည်း လက်မလွှတ်သင့်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။

“ယူကရိန်း ပြည်သူတွေက သူတို့ရဲ့ နယ်မြေတွေအတွက်၊ သူတို့ရဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: South China Morning Post