CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၉

အမေရိကန်သည် ပါကစ္စတန်၏ ဘာလိုချီစတန် လွတ်မြောက်ရေးတပ်မတော် (BLA) နှင့် ထိုအဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ မာဂျစ် တပ်မဟာ (Majeed Brigade) တို့ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများ(FTO) စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထိုအဖွဲ့သည် မတ်လက လူ ၃၁ ဦး သေဆုံးခဲ့သည့် ရထားကို ပြန်ပေးဆွဲမှု အပါအဝင် ဘာလိုချီစတန် (Balochistan) ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူသေဆုံးမှုများသည့် တိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

“အခုလို လုပ်ဆောင်ခြင်းဟာ ထရမ့် (Trump) အစိုးရအဖွဲ့ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကတိကဝတ်ကို ပြသရာ ရောက်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) က ပြောကြားခဲ့ သည်။

BLA နှင့် Majeed Brigade တို့ကို အကြမ်းဖက် စာရင်းသွင်းသည့် အမေရိကန်၏ ကြေညာချက်ကို ပါကစ္စတန် အစိုးရကလည်း ကြိုဆိုခဲ့သည်။

လက်နက်ကိုင်ထားသူ ၂ ဦးကို တွေ့ရစဉ်

ဘာလိုချီစတန်သည် ပါကစ္စတန်၏ အကြီးဆုံး ပြည်နယ် ဖြစ်သော်လည်း လူဦးရေ အနည်းဆုံး နေထိုင်သည့် ပြည်နယ်ဖြစ်ကာ ဘာလို့ချ်ဟု လူသိများသည့် ဆွန်နီ မွတ်ဆလင် လူနည်းစုများ နေထိုင်သည့် ပြည်နယ်ဖြစ်သည်။

ခွဲထွက်ဝါဒီများသည် ဘာလိုချီစတန်ပြည်နယ်၏ ပေါကြွယ်ဝသည့် သဘာဝ သယံဇာတများမှ ရရှိသည့် အကျိုး အမြတ်များကို ဒေသခံများအား ခွဲဝေပေးရန်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် ၂၀၀၀ ပြည့်နှစ် အစောပိုင်း ကာလများ ကတည်းက လက်နက်ကိုင် တိုက်ခိုက်ခဲ့သည်။

မတ်လကလည်း ဘာလိုချီစတန်ပြည်နယ် ကွက်တာ (Quetta)မြို့မှ ပက်ရှ်ဝါ (Peshawar) မြို့သို့ ပြေးဆွဲသည့် ရထားတစ်စင်းကို BLA အဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၁ ဦး သေဆုံးကာ ခရီးသည် ၃၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

ပါကစ္စတန်အစိုးရကမူ ထိုလက်နက်ကိုင်များကို နှိမ်နင်းနေကြောင်း ပြောကြားခဲ့သော်လည်း ထိုပြည်နယ်တွင် အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပွားနေသည်။

မကြာသေးမီ သီတင်းပတ်များအတွင်း ပါကစ္စတန်စစ်သားများသည် ဘာလိုချီစတန်ပြည်နယ်၏ ဇဟော့ဘ် (Zhob) ခရိုင်တွင် စစ်သွေးကြွ ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့သည်။

Source: DW