CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၅

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိ ဟက်ဆက် (Pete Hegseth) သည် တောင်အမေရိကတွင် မူးယစ် အကြမ်းဖက်သမားများကို ပစ်မှတ်ထားရန်အတွက် Southern Spear အမည်ရှိ စစ်ဆင်ရေးကို စတင်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် လက်တင်အမေရိကတွင် စစ်သားများ၊ စစ်သင်္ဘောများနှင့် တိုက်လေယာဉ်များကို ဖြန့်ကြက်ချထားပြီး စစ်အင်အားကို ဆက်လက် တိုးမြှင့်နေချိန်၌ ဟက်ဆက်၏ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

“SOUTHERN SPEAR စစ်ဆင်ရေးကို ဒီနေ့မှာပဲ ကျနော် ကြေညာလိုက်ပါတယ်။ Joint Task Force Southern Spear နဲ့ SOUTHCOM တို့က ဦးဆောင်သွားမှာပါ။ ဒီမစ်ရှင်ကတော့ ကျနော်တို့ရဲ့ အမိမြေကို ကာကွယ်ဖို့၊ ကျနော် တို့ရဲ့ ကမ္ဘာခြမ်းမှာ မူးယစ်-အကြမ်းဖက်သမားတွေကို ဖယ်ရှားဖို့၊ ကျနော်တို့ ပြည်သူတွေကို သေဆုံးစေတဲ့ မူးယစ် ဆေးဝါးတွေ ရန်ကနေ ကျနော်တို့ အမိမြေကို ဘေးကင်းလုံခြုံစေဖို့အတွက် ဖြစ်ပါတယ်။ ကမ္ဘာ့အနောက်ခြမ်းဟာ အမေရိကရဲ့ အိမ်နီးချင်းဖြစ်ပြီး ကျနော်တို့ ကာကွယ်ပေးသွားမှာပါ” ဟု ဟက်ဆက်က X လူမှုမီဒီယာတွင် ရေးသား ခဲ့သည်။

SOUTHCOM သည် အမေရိကန်၏ တောင်ပိုင်းစစ်ဌာနချုပ်ဖြစ်ပြီး တောင်အမေရိက၊ ဗဟိုအမေရိကနှင့် ကာရစ်ဘီယံဒေသ တစ်လျှောက်ရှိ နိုင်ငံပေါင်း ၃၁ နိုင်ငံတွင် တာဝန်ယူထားသည့် စစ်ဌာနချုပ်ဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကို တွေ့ရစဉ်

SOUTHCOM ကလည်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များသည် ကာရစ်ဘီယံဒေသတွင် အမေရိကန်၏ ကုန်း၊ ရေ နှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောဖြစ်သည့် USS Iwo Jima သင်္ဘောပေါ်၌ အမြောက်ပစ် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း လူမှုမီဒီယာမှာ ရေးသားခဲ့သည်။

အမေရိကန်စစ်တပ်သည် ကာရစ်ဘီယံနှင့် ပစိဖိတ်ဒေသတွင် အကြိမ် ၂၀ မြောက် တိုက်ခိုက်မှုအဖြစ် ယခု သီတင်း ပတ် အစောပိုင်းက သင်္ဘောတစ်စင်းကို တိုက်ခိုက်ခဲ့သဖြင့် လူလေးဦး သေဆုံးခဲ့ပြီးနောက် ဟက်ဆက်၏ ကြေညာ ချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသင်္ဘောသည် မူးယစ်ဆေးဝါးများ မှောင်ခိုတင်ဆောင်လာသည့် သင်္ဘောဟု သံသယရှိရပြီး တိုက်ခိုက်မှုတွင် အသက်ရှင် ကျန်ရစ်သူမရှိကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုများသည် ကာရစ်ဘီယံနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်း သင်္ဘောများဖြင့် ခရီးသွားနေသူများကို ပစ်မှတ် ထားနေခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်ကမူ ၎င်းတို့သည် မူးယစ်ဆေးဝါး မှောင်ခိုကူးသည့် သင်္ဘောများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ခိုင်လုံသည် သက်သေ အထောက်အထားများ ထုတ်ပြန် ခဲ့ခြင်းမရှိပေ။

Source: အယ်လ်ဂျာဇီးယား