CNI International News

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၃၁

အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် ဥရောပ သမဂ္ဂ (အီးယူ)၏ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၉ ရက်တွင် သဘောတူညီခဲ့ကြကြောင်း အီးယူနိုင်ငံခြား ရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ် (Kaja Kallas)မှ ပြောကြားခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ထောင်နှင့်ချီသည့် ပြည်သူများကို သတ်ဖြတ်သည့် မည်သည့် အစိုးရမဆို ၎င်းတို့၏ ပျက်သုဉ်းရာလမ်းကိုသာ ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု ကဲလက်စ်က ပြောကြားခဲ့သည်။

အကြမ်းဖက်အဖွဲ့အဖြစ် မသတ်မှတ်မီ ဘရပ်ဆဲလ် (Brussel) တွင် တွေ့ဆုံခဲ့ကြသည့် အီးယူနိုင်ငံခြားရေးဝန်ကြီး များသည် လူပုဂ္ဂိုလ် ၁၅ ဦးနှင့် အဖွဲ့အစည်း ၆ ခုကို ပိုင်ဆိုင်မှု ပိတ်ပင်ခြင်းနှင့် ဗီဇာကန့်သတ်ခြင်း စာရင်းသို့ ထည့်သွင်းရန်လည်း မဲခွဲခဲ့ကြသည်။

အီးယူအကြီးအကဲ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) က ယခုကဲ့သို့ အကြမ်းဖက် စာရင်းသွင်းမှု ကို ယခင်ကတည်းက လုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့ပြီး ယခုဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည်။

“ကိုယ့်ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို သွေးမြေကျအောင် နှိမ်နင်တဲ့ အစိုးရကို အကြမ်းဖက်သမားလို့ ခေါ်ဆိုရမှာ ဖြစ်ပါတယ်”ဟု ဗွန်ဒါလီယန်က ပြောကြားခဲ့ပြီး အီရန်အစိုးရ၏ လုပ်ရပ်သည် ကြီးမားသည့် မဟာဗျူဟာမြောက် အမှားဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကမူ (Abbas Araghchi) နိုင်ငံအတော်များများသည် မိမိတို့ဒေသ တွင် စစ်ပွဲ ဖြစ်ပွားမည့်အရေးကို တားဆီးရန် ကြိုးပမ်းနေကြသော်လည်း ဥရောပကမူ မီးလောင်ရာ လေပင့်ရန်သာ လုပ်ဆောင်နေသည်ဟု X လူမှုမီဒီယာပေါ်၌ ရေးသားခဲ့သည်။

အီးယူနိုင်ငံခြား ရေးမူဝါဒ အကြီးအကဲ ကာဂျာ ကဲလက်စ်ကို တွေ့ရစဉ်

“အီးယူဟာ ကျနော်တို့ရဲ့ စစ်တပ်ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဟာ နောက်ထပ် ကြီးမားတဲ့ မဟာဗျူဟာမြောက် အမှားတစ်ခုကို ပြုလုပ်လိုက်တာပဲ ဖြစ်ပါတယ်”ဟု အာရက်ချီက ပြောကြားခဲ့သည်။

အီရန်တွင် ဇန်နဝါရီလအတွင်း လူပေါင်းထောင်ချီ သေဆုံးခဲ့ရသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရက်ရက် စက်စက် နှိမ်နင်းခဲ့မှုအပေါ် တုန့်ပြန်သည့် အနေဖြင့် အီးယူက IRGC ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုဆန္ဒပြမှုများအတွင်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်က ဝန်ခံခဲ့သော်လည်း သေဆုံးသူ အများစု မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဆူပူသောင်းကျန်းသူများနှင့် အကြမ်းဖက် သမားများသာဖြစ်ကြောင်း အီရန်အာဏာ ပိုင်များက ပြောကြားခဲ့သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့များကမူ အီရန်အစိုးရ၏ ပြောကြားချက်ကို ကန့်ကွက်ခဲ့သည်။

အမေရိကန်အခြေစိုက် HRANA လူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ အီရန် ဆန္ဒပြမှုများအတွင်း လူပေါင်း ၆၃၇၃ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၅၉၉၃ ဦးမှာ ဆန္ဒပြသူများဖြစ်ကြောင်း ပြောကြားခဲ့ကာ သေဆုံးသူ ဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟု သတိပေးခဲ့သည်။

Source: DW