CNI International News

ဘန်ကောက် ၊ ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် ပြည်သူ့ပါတီ(PP) ခေါင်းဆောင် နက်တာဖွန် ရူအန်ပန်ယာဝပ် (Natthaphong Ruengpanyawut) သည် ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ခဲ့သည့် လူထုသဘောထား စစ်တမ်းတွင် ဆက်လက် ဦးဆောင်နေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

နက်တာဖွန်သည် လူထုသဘောထား စစ်တမ်းမှာ ထိပ်ဆုံးနေရာမှ ဦးဆောင်နေခြင်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အာဏာဆက်လက် တည်မြဲရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် အနူတင် ချာန်ဗီရကူလ် (Anutin Charnvirakul) အတွက် ကြီးမားသော စိန်ခေါ်မှုကို မီးမောင်းထိုး ပြသရာရောက်ခဲ့သည်။

ဖေဖော်ဝါရီတွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် အနူတင်၏ ကွန်ဆာဗေးတစ် ဘူဂျထိုင်းပါတီ၊ အာဏာရပါတီ ဟောင်း ဖြစ်သည့် ဖြူးထိုင်းပါတီနှင့် ပြုပြင်ပြောင်းလဲရေး ဝါဒီဖြစ်သော ပြည်သူ့ပါတီတို့အကြား သုံးပွင့်ဆိုင်ပြိုင်ပွဲ ဖြစ်လာခဲ့သည်။

ဇန်နဝါရီ ၃၀ ရက်တွင် ထုတ်ပြန်သည့် Suan Dusit တက္ကသိုလ်၏ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်းအနက် နက်တာဖွန်ကို ၃၅ ဒသမ ၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြပြီး ဖြူးထိုင်းပါတီ၏ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း ယိုရှာနန် ဝေါင်ဆာဝပ် (Yoshanan Wongsawat) က ၂၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာ၌ရှိနေကာ အနူတင်သည် ၁၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်သာ ရှိနေသည်။

ပြည်သူ့ပါတီကို မဲဆွယ်နေစဉ်

ထိုစစ်တမ်းကို ဇန်နဝါရီ ၁၆ ရက်မှ ၂၈ ရက်အတွင်း လူပေါင်း ၂၆၆၂၁ ဦးအား မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပါတီသည် ၂၀၂၃ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ကွန်ဆာဗေးတစ် လွှတ်တော်အမတ်များ၏ ပိတ်ဆို့မှုကြောင့် အစိုးရမဖွဲ့နိုင်ခဲ့ဘဲ နောက်ပိုင်း၌ တရားရုံးအမိန့်ဖြင့် ဖျက်သိမ်းခံခဲ့ရသည့် Move Forward ပါတီ၏ နေရာကို ဆက်ခံသော ပါတီဖြစ်သည်။

အနူတင်သည် ၎င်း၏ လူနည်းစုအစိုးရ ပြိုလဲသွားနိုင်သည့် လွှတ်တော်တွင်း ရှုပ်ထွေးမှုများကြောင့် ဝန်ကြီးချုပ် သက်တမ်း ရက် ၁၀၀ မပြည့်မီ ဒီဇင်ဘာ ၁၂ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ အစောပိုင်းတွင် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်စစ်ပွဲ ပြင်းထန်နေချိန်၌ အနူတင်က ရွေးကောက်ပွဲ ခေါ်ယူမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

NIDA ၏ စစ်တမ်း တစ်ခုတွင်လည်း နက်တာဖွန်က ၂၉ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး အနူတင်မှာ ၂၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့် အကြိတ်အနယ်ရှိသော ညွန့်ပေါင်းအစိုးရ ညှိနှိုင်းမှုများ မတိုင်မီ အနူတင် သည် ရှေးရိုးစွဲဝါဒီ မဲဆန္ဒရှင်များကို စုစည်းရန်နှင့် ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့စည်းအုပ်ချုပ်မည့် လမ်းကြောင်းကို တင်ပြရန် ဖိအားများနှင့် ရင်ဆိုင်နေရသည်။

Source: ရိုက်တာ