CNI International News
ကာရာကက်စ်၊ ဇန်နဝါရီ ၃၁
ဗင်နီဇွဲလား ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂွက်ဇ် (Delcy Rodríguez) သည် နိုင်ငံ၏ ရေနံကဏ္ဍကို ပုဂ္ဂလိကပိုင် ပြုလုပ်ရန် လမ်းဖွင့်ပေးသည့် ဥပဒေတစ်ရပ်အား ဇန်နဝါရီ ၂၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် ဗင်နီဇွဲလားနိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော် အုပ်ချုပ်ခဲ့သည့် ဆိုရှယ်လစ်လှုပ်ရှားမှု၏ မူဝါဒကို ပြောင်းပြန် လှန်လိုက်ခြင်းဖြစ်ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ယခု ပြုပြင်ပြောင်းလဲမှုသည် နှစ်ရှည်လများ ပျက်စီးနေသော ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို ပြန်လည်ထူထောင် ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်မည့် ၎င်းတို့အစိုးရ၏ အဓိကမူဝါဒ ဖြစ်လာမည်ဖြစ်သည်။
ဇန်နဝါရီ ၃ ရက်တွင် အမေရိကန်မှ ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရို (Nicolas Marudo)အား ဖမ်းဆီးသွားခဲ့ပြီးနောက် ၁ လမပြည့်မီ၌ ရိုဒရီဂွက်ဇ်က ယခုဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဗင်နီဇွဲလား ရေနံကဏ္ဍအပေါ် ချမှတ်ထားသည့် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့မှုများကို တရားဝင် စတင်ဖြေလျှော့ပေးခဲ့သည်။
ရိုဒရီဂွက်ဇ်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယို (Marco Rubio) တို့နှင့်လည်း ဆွေးနွေးခဲ့သည်။

ဗင်နီဇွဲလားယာယီသမ္မတ ရိုဒရီဂွက်ဇ်ကို တွေ့ရစဉ်
ရူဘီယိုသည် ဗင်နီဇွဲလားမှ ရေနံစည် သန်းပေါင်းများစွာကို ရောင်းချမည့် ကိစ္စနှင့် ရရှိလာသည့် ငွေများကို မည်သည့် နေရာသို့ စီးဆင်းမည်၊ မည်သို့ ကြီးကြပ်မည်ဆိုသည့် အစီအစဉ်ကို ဇန်နဝါရီ ၂၈ ရက်တွင် အထက် လွှတ်တော် ကြားနာပွဲ၌ ရှင်းလင်းတင်ပြခဲ့သူဖြစ်သည်။
ဗင်နီဇွဲလားသည် ကမ္ဘာပေါ်တွင် ရေနံစိမ်းသိုလှောင်မှု အများဆုံးရှိသည့် နိုင်ငံဖြစ်သည်။
အစိုးရနှစ်ရပ်စလုံး၏ လုပ်ဆောင်ချက်များသည် ဗင်နီဇွဲလားတွင် နောက်ထပ် အစွန်းရောက်သော ပထဝီနိုင်ငံရေး နှင့် စီးပွားရေး အပြောင်းအလဲ တစ်ခုအတွက် လမ်းခင်းပေးနေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
“ကျမတို့ဟာ အနာဂတ်အကြောင်း ပြောနေတာပါ။ ကျမတို့ သားသမီးတွေကို လက်ဆင့်ကမ်း ပေးအပ်သွားမယ့် နိုင်ငံအကြောင်း ပြောနေတာပါ”ဟု ရိုဒရီဂွက်ဇ်က ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
ထရမ့်က ၎င်း၏အစိုးရသည် ဗင်နီဇွဲလား၏ ရေနံတင်ပို့မှုများကို ထိန်းချုပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ ဆုတ်ယုတ်နေသည့် ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို ပြန်လည် အသက်သွင်းမည်ဟု ပြောကြားခဲ့ သည်။
Source: အေပီ
