CNI International News
ဘန်ကောက်၊ ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအပြီးတွင် အာဆီယံအနေဖြင့် မြန်မာ့အရေးအပေါ် ချဉ်းကပ်ပုံကို ပြန်လည်ညှိနှိုင်းရန် ထိုင်းနိုင်ငံက တိုက်တွန်းလိုက်သည်။
အပြောင်းအလဲနှင့်အညီ လိုက်လျောညီထွေ မလုပ်ဆောင်နိုင်ပါက အာဆီယံ၏ အရေးပါမှုကဏ္ဍ ဆုံးရှုံးနိုင်ခြေရှိ ကြောင်း ထိုင်းက သတိပေးခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
မြန်မာ့အရေးကို အဓိက ဆွေးနွေးသည့် ဖိလစ်ပိုင်နိုင်ငံရှိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကော (Sihasak Phuangketkeow) သည် ထိုကဲ့သို့ တိုက်တွန်း ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသဖြင့် မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကို တိုက်ရိုက် သက်ရောက်မှု ခံနေရသည့် နိုင်ငံဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့သည့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ပါ စီမံချက် ထွက်ပေးခဲ့သည့်တိုင် အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေ သည်ဟု သီဟဆက်က ပြောကြားခဲ့သည်။
ဘုံသဘောတူညီချက် ၅ ချက်သည် အသုံးဝင်သော အခြေခံ အုတ်မြစ်အဖြစ် ရှိနေဆဲဖြစ်သော်လည်း လွန်ခဲ့သည့် ၅ နှစ်အတွင်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဖြစ်သဖြင့် အာဆီယံသည် ၎င်း၏ အခန်းကဏ္ဍကို ပြန်လည် ဆန်းစစ်ရမည်ဟု သီဟဆက်က ပြောသည်။
“အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံတာ ဒါမှမဟုတ် အတိအလင်း ငြင်းပယ်တာမျိုး မလုပ် သင့်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုရွေးကောက်ပွဲကို ဦးသိန်းစိန် အစိုးရလက်ထက်က ပြုပြင်ပြောင်းလဲမှုများကဲ့သို့ နိုင်ငံရေးအရ ဆွေးနွေးမှုများ အတွက် အစပြုသည့် မှတ်တိုင်တစ်ခုအဖြစ် သဘောထားသင့်ကြောင်း အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီဟဆက် ဖူအန်ကက်ကောကို တွေ့ရစဉ်
အာဆီယံအနေဖြင့် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာသည့် ဆက်ဆံရေး ဗျူဟာမျိုးကို ကျင့်သုံးရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့သည်။
ထိုဗျူဟာအရ မြန်မာအစိုးရ အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ခြင်းနှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များနှင့် ဆွေးနွေးမှုများ စတင်ခြင်းကဲ့သို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်လာပါက ဆက်ဆံရေးများကို ပြန်လည် မြင့်တက်လိမ့်မည်ဟုဆိုသည်။
ပေါင်းစုံပါဝင်သော ဆွေးနွေးပွဲများ၏ အရေးပါမှုကို မစ္စတာသီဟဆက်က အလေးပေး ပြောဆိုခဲ့ပြီး၊ မြန်မာ အနေ ဖြင့် အာဆီယံ၏ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို အပြည့်အဝ ခွင့်ပြုရန်နှင့် ယုံကြည်မှု တည်ဆောက်ရန်အတွက် ရွေးချယ်ထားသော တိုင်းရင်းသားအဖွဲ့များနှင့် စတင်ညှိနှိုင်းရန် တိုက်တွန်းခဲ့သည်။
အာဆီယံအနေဖြင့် ပြတ်သားစွာ ဆောင်ရွက်ရန် ပျက်ကွက်ပါက တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အမေရိကန် အပါအဝင် ပြင်ပ အင်အားကြီးနိုင်ငံများက ကြားဝင်ဆောင်ရွက်လာနိုင်သဖြင့် အာဆီယံ၏ ရေရှည်တည်ငြိမ်မှုနှင့် အချက် အချာ ကျမှုကို ထိခိုက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
Source: ဘန်ကောက်ပို့စ်
