CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာ သွားကြသည့် နိုင်ငံ့ဝန်ထမ်းများကို အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှောပေးကြောင်း အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်း အချို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားသည့်အတွက် အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်နေပြီး ရှောင်တိမ်းနေကြရသည်။

အဆိုပါ ဝန်ထမ်းများအနေဖြင့် မိမိတို့ ရောက်ရှိနေသည့် နေရာတွင်ရှိသော ယခင် တာဝန် ထမ်းဆောင်ခဲ့သည့် ဌာန ၏ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ပြန်လည် သတင်းပို့၍ အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ခွင့်တောင်းဆိုနိုင်ကြောင်း သိရသည်။

ထို့နောက် ဆက်သွယ်လာသူများကို စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသည့် ဝန်ထမ်းများနှင့် ပြစ်မှုကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ဝင်နေသူများအား အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ပေး လျက်ရှိသည်ဟု ကာ/လုံက ထုတ်ပြန်ခဲ့သည်။