CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉

ထိုင်းရောက် နိုင်ငံ့ဝန်ထမ်းများ အမည်မည်းစာရင်းမှ ပယ်ဖျက်နိုင်ရန် လျှောက်ထားနိုင်ကြောင်း သံရုံးမှ ထုတ်ပြန် ထားသော်လည်း လျှောက်ထားလာမည့် သူများအတွက် မည်သို့ စီစဉ်ပေးထားသည်ကို သေချာချပြရန်လိုအပ် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုသို့ လျှောက်ထားလိုသူများအနေဖြင့် ဘန်ကောက်ရှိ မြန်မာသံရုံး၌သာ လျှောက်ထားရမည်ဖြစ်သောကြောင့် နယ်စပ်ဒေသများမှ လျှောက်ထားလိုသူများအတွက် အခက်အခဲဖြစ်စေကြောင်း၊ သို့သော် လူအများစုသည် ထိုအစီအစဉ်အား ‌လျှောက်ထားကြမည် မဟုတ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တချို့တွေကြတော့ Blacklist စာရင်းထဲမှာ ပါတယ်၊ မပါဘူးဆိုတာ မသိတဲ့လူတွေ အများကြီးရှိတာပေါ့။ အဲဒီသံရုံးကို တိုက်ရိုက်သွားပြီး လျှောက်ဖို့ဆိုတာက နယ်မှာရောက်နေတဲ့ လူတွေအနေနဲ့ အဲဒါမျိုးဆိုရင်လည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ အများစုရဲ့ ခံယူချက်ပေါ့ သူတို့အပေါ် မူတည်တာပေါ့။ သူတို့တွေက ဟိုမှာ မြန်မာ ပြည်ထဲမှာတုန်းက အစိုးရတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ သူတို့ရဲ့ အတိုင်းအတာတွေ အပေါ် လည်း မူတည်တာပေါ့။ သူတို့ ခံယူချက်တွေအပေါ် မူတည်ပြီး ဒီဟာကို ပြန်ပြီးလျှောက်ထားမလား၊ သွားဖို့အတွက် ဆုံးဖြတ်မလား အဲဒါသူတို့အပေါ် မူတည်တယ်။ သို့သော် အများစုကတော့ ဒီဟာမျိုးကို လုပ်မယ်လို့တော့ မထင်ဘူး။ ဒါကတော့ တစ်ဦးချင်းစီနဲ့ လည်း ဆိုင်သွားတယ်။ နောက်တစ်ခုကတော့ အခုကြော်ငြာလိုက်တာတော့ မှန်တယ်။ ဘယ်လောက်အထိ အဆင်ပြေအောင် ဒီလူတွေအတွက် စီစဉ်ပေးထားလဲပေါ့။ ဒါမျိုးတွေအပေါ်လည်း မူတည်သေးတာပေါ့” ဟု ပြော သည်။

 CDM လုပ်ရန် တိုက်တွန်းနေသူများကို တွေ့ရစဉ်

ဘန်ကောက်ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ နိုင်ငံ့ဝန်ထမ်းများ အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ ပေးနိုင်ပါရန် လျှောက်ထားလျက်ရှိကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းအရင်းကို ဖော်ပြထားသော ကိုယ်ရေးစာ၊ ၆ လအတွင်း ရိုက်ကူးထားသော ဓါတ်ပုံ၊ ထိုင်းနိုင်ငံရှိ နေရပ်လိပ်စာ အပြည့်အစုံ၊ နိုင်ငံကူးလက်မှတ်၊ နိုင်ငံသား စိစစ် ရေးကဒ်ပြား မိတ္တူတို့အပြင် အခြားထည့်သွင်းလိုသော စာရွက်စာတမ်းများနှင့်အတူ လူကိုယ်တိုင်သော် လည်း ကောင်း၊ စာတိုက်မှတဆင့်လည်းကောင်း  လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်မှ အာဏာပိုင်များအနေဖြင့် အပြောနှင့်အလုပ် တစ်ထပ်တည်း မကျသည့်အတွက် ယခုကဲ့သို့ ဖြေလျှော့‌‌ပေးရန် လျှောက်ထားခိုင်းခြင်းအပေါ် ထိုင်းရောက် ဝန်ထမ်းများအနေဖြင့် အယုံအကြည် မရှိကြကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း LRF မှ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

CDM လုပ်ရန် တိုက်တွန်းနေသူများကို တွေ့ရစဉ်

၎င်းက “ဒါကတော့ ပရိယာယ်တစ်ခုလို့ပဲ ကျနော်သုံးသပ်တယ်။ ဒီကိုရောက်နေကြတဲ့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံ့ ဝန်ထမ်းတွေကတော့ အယုံအကြည် ကင်းမဲ့နေတာကို တွေ့ရှိရပါတယ်။ ဘာလို့လဲဆိုတော့ အပြောနဲ့အလုပ် ဘယ်တော့မှ တစ်ထပ်တည်း မကျတဲ့အတွက်ကြောင့်။ ဘာကြောင့်လဲဆို ဒါက သက်သက်မဲ့ကို နိုင်ငံတကာကို ဟန်ရေးပြတာတို့၊ နောက်သူတို့အပေါ်မှာရှိတဲ့ PRESSURE ဖိအားလေးတွေ လျော့ပါးစေရေး လုပ်တာတို့ နည်းလမ်းလေးတွေကို ပရိယာယ်သုံးပြီး လုပ်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ တော်တော်များများ ကလည်း ဒီမှာ ရောက်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေက လူငယ်လူရွယ်တွေ များပါတယ်။ ၈၈ တုန်းက လိမ်ရင် လိမ်သလို ခံခဲ့ရပေမယ့် အခုမျိုးဆက်သစ်တွေက ကမ္ဘာကြီးကို စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း ထိတွေ့မှုဆိုတာ ကမ္ဘာပတ်ပြီး လျှောက်လှမ်းတာနဲ့ အတူတူ ဖြစ်တာကြောင့် ဘယ်သူမှ အယုံအကြည်မ ရှိဘူးဆိုတာ ထပ်လောင်း ပြောလိုပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများဖြစ်ပြီးနောက် CDM ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံမှ လူအများစု သည် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြခြင်းဖြစ်သည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင် သွားကြသူထဲမှ အများစုသည် ထိုင်းအစိုးရမှ ထုတ်ပေးသည့် အထောက်အထားကဒ် များ ပြုလုပ်ကာ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်လျက် ရှိနေကြသည်။