CNI International News

ဘန်ကောက်၊ ဖေဖော်ဝါရီ ၄

ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်နေ့၌ ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလ သည် အဆုံးသတ်ရန် နီးကပ်လာချိန်မှာပဲ ၂၀၂၃ ခုနှစ်က ဗွီဒီယိုဖိုင် အဟောင်းတစ်ခုသည် လူမှုကွန်ရက်ပေါ်မှာ  ပြန်လည် ပျံ့နှံ့လာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ထိုဗွီဒီယိုဖိုင် ပျံ့နှံ့လာခြင်းကြောင့် ထိုင်းနိုင်ငံ၏ အင်အားအကြီးဆုံး အတိုက်အခံ အင်အားစုဖြစ်သည့် ပြည်သူ့ပါတီ (PP) အပေါ် လူထု၏ စိတ်ပျက်မှုကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။

ထိုဗွီဒီယိုဖိုင်ထဲတွင် ပြည်သူ့ပါတီနဲ့ နီးစပ်သည့် ဘီလျံနာ တစ်ဦးဖြစ်သော ဝီရာဝတ် ဒူး ဗလိုင်ဆာသီယန် (Viravat “Dew” Valaisathien)၏ ပြောကြားချက်တစ်ခု ပါဝင်ခဲ့သည်။

ထိုဗွီဒီယိုထဲတွင် ဝီရာဝတ်က “ပြည်သူ့ပါတီကို ဆန့်ကျင်တဲ့သူတွေဟာ ဆင်းရဲတယ်၊ အသက်ကြီးတယ်၊ ပြီးတော့ တုံးအကြတယ်”ဟု ပြောဆိုထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗွီဒီယိုသည် ယခုရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ပြန်လည် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ပါတီ ခေါင်းဆောင် နက်တာဖွန် ရူအန်ပန်ယာဝတ်ကို တွေ့ရစဉ် 

ဝီရာဝတ်၏ ပြောကြားချက်သည် ပြည်သူ့ပါတီ၏ တရားဝင် ရပ်တည်ချက် မဟုတ်သော်လည်း အတိုက်အခံများ၊ အထူးသဖြင့် ကွန်ဆာဗေးတစ် အင်အားစုများက ထိုဗွီဒီယိုကို အသုံးချပြီး ပြည်သူ့ပါတီသည် သာမန် လူတန်းစား များနှင့် သက်ကြီးရွယ်အိုများကို အထင်မြင်သေးသည့် ပုံစံမျိုးဖြင့် ဝါဒဖြန့်နေကြသည်။

ပြည်သူ့ပါတီ ခေါင်းဆောင် နက်တာဖွန် ရူအန်ပန်ယာဝတ် (Natthaphong Ruengpanyawut) ကမူ ဝီရာဝတ် သည် ပါတီဝင်တစ်ဦး မဟုတ်သလို ပါတီ၏ ပြောရေးဆိုခွင့်ရှိသူလည်း မဟုတ်ကြောင်း ချက်ချင်း ရှင်းလင်းခဲ့သည်။

ထို့ပြင် ဝီရာဝတ်၏ ပြောကြားချက်များသည် ၎င်း၏ ပုဂ္ဂိုလ်ရေး အမြင်သာဖြစ်ပြီး ပါတီ၏ မူဝါဒ သို့မဟုတ် သဘောထားကို ကိုယ်စားမပြုကြောင်း နက်တာဖွန်က ပြောကြားခဲ့သည်။

လက်ရှိ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ကို တွေ့ရစဉ်

မိမိတို့ပါတီသည် မည်သည့် လူတန်းစား၊ မည်သည့် အသက်အရွယ်ကိုမဆို ခွဲခြားဆက်ဆံခြင်း မရှိဘဲ ထိုင်းပြည်သူ အားလုံး၏ ဘဝတိုးတက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအတွက် သက်ကြီးပင်စင် တိုးမြှင့်ရေးနှင့် လူမှုဖူလုံရေး မူဝါဒများကို အဓိကထား လုပ်ဆောင် နေသူများဖြစ်ကြောင်း နက်တာဖွန်က ပြောကြားခဲ့သည်။

သို့သော် ထိုဗွီဒီယို ပျံ့နှံ့နေမှုနှင့်အတူ လက်ရှိ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ဦးဆောင်သည့် ဘူဂျထိုင်းပါတီအပေါ် လူထုထောက်ခံမှုနှုန်းများ မြင့်တက်လာခဲ့သည်။

မကြာသေးမီက အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှု အင်စတီကျု (NIDA) က ကောက်ခံခဲ့သည့် လူထု သဘောထား စစ်တမ်းတွင် ပြည်သူ့ပါတီသည် ၃၂ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေဆဲ ဖြစ်သော်လည်း ဘူဂျထိုင်းပါတီသည် ၂၂ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာမှ ကပ်ပြီးလိုက်ပါလာသည်ကို တွေ့ရသည်။

Source: Nikkei Asia