CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေတွင် နိုင်ငံတော် သမ္မတအနေဖြင့် ကောင်စီအား မည်သည့် လူပုဂ္ဂိုလ်များဖြင့် စုဖွဲ့လာနိုင်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။

ထိုဥပဒေအရ နိုင်ငံတော်သမ္မတအနေဖြင့် ကောင်စီကို ဖွဲ့စည်းသည့်အခါတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို သတ် မှတ် ပေးရမည်ဆိုပြီး ပါရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သမ္မတဖြစ်ခဲ့ပါက ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဖြစ်နိုင်သည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဝန်ကြီးချုပ် ဦးညိုစောကို တွေ့ရစဉ်

၎င်းက “အဲဒီတော့ ကျနော် မှန်းတာက တကယ်လို့များ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ် ပြည်သူ့လွှတ်တော်ဘက်က အဆိုပြုလို့ တက်လာခဲ့မယ်ဆိုရင် သူဖွဲ့စည်းပေးရမယ့် ခုနက ကောင်စီမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဦးဆောင်လာနိုင်တာပေါ့ ဥက္ကဋ္ဌအဖြစ်လေ။ အဲဒီတော့ အတွင်းရေး မှူးကတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဖြစ်နိုင်တာပေါ့။ စရဖလေ။ ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဖြင့် အဖွဲ့ဝင် အဖြစ်က တော့ မှန်းတာပေါ့ ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာနိုင်တယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ တခြား ၂ ယောက် လောက်လည်း ပါလာနိုင်တာပေါ့။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပါလာနိုင်တယ်။ တစ်ဖက်က ဥပဒေ ရေးရာနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ပါလာနိုင်တာပေါ့။ နောက် နိုင်ငံတကာရေးရာနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ပါလာ နိုင်တာပေါ့။ ၅ ဦးထက် မနည်းလို့ ပြောတဲ့အခါမှာ ၅ ဦးထက် ပိုရမယ်ဆိုတဲ့ အခါကြတော့ ဒီဘက်ကလက်ရှိ နစက၊ ကာ/လုံ တွေသွားတဲ့ တစ်လျှောက်လုံးမှာ အထိုင်ပုဂ္ဂိုလ်တွေ ရှိတာပေါ့။ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တစ်ဖက်က အာဏာအလွှဲအပြောင်းလုပ်မယ့် ဗိုလ်ချုပ်ကြီး ညိုစောပေါ့။ သူသည် လာမယ့် အသစ်ဖြစ်တဲ့ အစိုးရကို လွှဲပေးရမယ့်ဟာကြတော့ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်ကြီး ညိုစောကတော့ဖြင့် ဒီဘက်က အုပ်ချုပ်ရေး အဖွဲ့ အစည်း အစိုးရထဲမှာ ပါချင်မှ ပါမယ်။ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတို့ကတော့ မပြောတတ်ဘူး။ ဘာကြောင့် ဆို သူက အာဏာလွှဲပေးရမှာကို။ ပြန်ကြည့်ရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ လုပ်မယ့် ပုဂ္ဂိုလ်သည် ၂ နှစ်ခွဲ ပြည်ထောင်စုလွှတ်တော် နာယက လုပ်ရမှာကို။ speaker လုပ်ရမယ့်အခါ ကြတော့ ကနဦး ၂ နှစ်ခွဲက အရေးကြီးတာပေါ့။ အခြေခံဥပဒေ ပြင်ဆင်ခြင်း၊ ငြိမ်းချမ်းခြင်း net foundation‌ တွေကို လုပ်ရမယ့် ဟာပေါ့။ agreement လုပ်ရမယ့် အခါကြတော့ တစ်ဖက်ကတွေးရင် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး ကလည်း အမျိုးသားလွှတ်တော်ဘက်က ပါလာမှာပေါ့။ အဲဒီတော့ အရေးကြီးဆုံးက ခုနကပြောတဲ့ ဥပဒေပြုမှု အာဏာရဲ့ ပထမသက်တမ်း ၂ နှစ်ခွဲ၊ ပြည်ထောင်စုလွှတ်တော်နာယက လုပ်မယ့်ပုဂ္ဂိုလ်သည် အရေးကြီးလာတာ ပေါ့” ဟု ပြောသည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အခန်း (၄) ခန်းပါဝင်ကာ ပုဒ်မ ၁၁ ခု ပါဝင်သည်။

ထိုကောင်စီကို နိုင်ငံတော်သမ္မတသည် သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်ဖြစ်ကာ ကောင်စီ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတ၏ သက်တမ်းအတိုင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို တွေ့ရစဉ်

ထို့ပြင် ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း နိုင်ငံတော်သမ္မတက သတ်မှတ်ပေးရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် သမ္မတမှ ကောင်စီကို ဖွဲ့စည်းခြင်းသည် မှန်ကန် သော်လည်း ဩဇာကြီးသည့် အချို့တိုင်းရင်းသား ပုဂ္ဂိုလ်များကိုလည်း ကောင်စီတွင် ဦးဆောင်မှုနေရာ ပေးသင့် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဥပဒေအကြောင်းအရဆိုရင်တော့ နိုင်ငံတော်သမ္မတက ခန့်အပ်တာ မှန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတော်သမ္မတက လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် အမြင့်ဆုံး နိုင်ငံ့ဦးဆောင် ဖြစ်နေတာကို။ သူကပဲ စီမံခန့်ခွဲရတာဆိုတော့ ဒီဟာမှန်ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်တွေ ပါလာနိုင်သလဲဆိုတော့ အဲဒီဟာတော့ ကျနော် သိပ်တော့ မခန့်မှန်းနိုင်ဘူး။ ပြောရတော့ ခက်တာပေါ့။ ဒါပေမယ့် တချို့ တိုင်းရင်းသား ဩဇာကြီးတဲ့ တချို့ ပုဂ္ဂိုလ်များ ပါလာနိုင်တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီလိုလေး ပါလာရင်လည်း ပိုကောင်းပါတယ်။ ညွန့်ပေါင်းပုံစံ မျိုးကို ဖော်ဖြစ်ရင်တော့ ကောင်းတာပေါ့။ ကျနော်တို့ တိုင်းပြည်မှာလည်း အဲဒါလိုအပ်တယ်လေ။ ဘယ်လို လိုအပ် လဲဆို နိုင်ငံတော်ရဲ့ အပြောင်းအလဲတိုင်း နိုင်ငံတော်ရဲ့ ဦးဆောင်အဖွဲ့တွေမှာ ဗမာတိုင်းရင်းသား အုပ်စုပဲ ဆက်လက် ဦးဆောင်နေတာမျိုးက ငြိမ်းချမ်းရေးအတွက်ဆိုရင်လည်း ဒီဟာက သိပ်ပြီးတော့ အမြင်မတော်ဘူး။ မသင့်တော်ဘူး။ တိုင်းရင်းသား ပညာတတ်တွေထဲက ဦးဆောင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ထည့်ပေးတယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ ဒါကြတော့ စုပေါင်းအဖွဲ့ပုံစံမျိုး leadership ကို အကောင်အထည် ဖော်နိုင်ရင်တော့ ပိုပြီးတော့မှ အဆင်ပြေမယ်လို့ မြင်ပါတယ်။ ကျနော်တို့နိုင်ငံ အနာဂတ်နဲ့ ပြန်တွက်ကြည့်မယ် ဆိုရင်တော့” ဟု ပြောသည်။

လာမည့် မတ်လ၌ လွှတ်တော်မခေါ်ခင် ယခုကဲ့သို့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါ များရေးတို့ဖြစ်ကြောင်း ပြဋ္ဌာန်းချက်အရ သိရသည်။