CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံတွင် ဧပြီလမှာ ပေါ်ပေါက်လာမည့် အစိုးရသစ် လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မည်သည့် အခန်းကဏ္ဍကနေ ရာထူးတာဝန် ယူလာနိုင်သလဲ ဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပမှ စောင့်ကြည့် လေ့လာနေကြသည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ စသည့် ရာထူးတာဝန်များကို ရယူထားသည်။
ထို့နောက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီး၍ ဧပြီလတွင် အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ မဖွဲ့ခင်မှာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ပြဋ္ဌာန်းလိုက်ခြင်းကြောင့် သမ္မတ လုပ်မည်လား၊ တပ်ချုပ်ရာထူးနှင့် ကောင်စီဥက္ကဋ္ဌ တာဝန်ယူမည်လား၊ သမ္မတနှင့် ကောင်စီဥက္ကဋ္ဌ တာဝန်ယူမည် လား စသဖြင့် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးကို စွန့်လွှတ်စရာမလိုဘဲနှင့် ကောင်စီဥက္ကဋ္ဌ တာဝန်ကို ရယူ၍ အစိုးရအဖွဲ့ကို ထိန်းကြောင်းသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်ထက်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးကို စွန့်လွှတ်စရာ မလိုဘဲနဲ့ ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီရဲ့ ဥက္ကဋ္ဌနေရာ ယူလို့ရတာပေါ့။ ယူပြီးလို့ ဆက်သွားလို့ရှိရင် ဒီဟာ နိုင်ငံရေးအရ ထွက်ပေါက်တစ်ခုလည်း ဖြစ်တယ်။ လက်ရှိ နိုင်ငံရေး အခြေအနေ အရပေါ့ဗျာ။ တပ်မတော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတာ ဖြစ်နေသေး တဲ့အတွက် ၆၃ မြို့နယ်ဆိုလို့ရှိရင် ဒါမတည်ငြိမ် သေးဘူးဆိုတဲ့ဟာတွေ ထုတ်ပြန်ထားတာ ရှိတယ်။ ရှိတဲ့အခါကြတော့ ဒါတွေကို ပြီးပြတ်အောင် လုပ်ဖို့ဆိုလို့ရှိရင် တာဝန်က ဆက်ပါနေတာပေါ့နော်။ တပ်မတော်မှာ လုပ်ငန်း တာဝန် မပြီးမြောက်သေးတဲ့ သဘောတရားကို သွားတွေ့ရတယ်။ ကျနော်တို့ အာဏာထိန်းပြီးတဲ့ နောက်ပိုင်းမှာ ဒီလုပ်ငန်း တာဝန်တွေ ကျန်ရှိနေသေးတဲ့အတွက် ဒါကို တစ်ဆက်တည်းမှာ အစိုးရသစ်နဲ့အတူ ဆက်လက် ဖော် ဆောင်ဖို့ အတွက်ဆိုရင် နိုင်ငံတော်ကောင်စီဥက္ကဋ္ဌကို ယူပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ Position ကိုပါ ကျနော်တို့ မလွှတ်ဘဲနဲ့ တာဝန်ထမ်းဆောင်နိုင်တယ်ပေါ့နော်။ သမ္မတနေရာမှာလည်း ကျနော်တို့ ယုံကြည်စိတ်ချရမယ့် လူပေါ့။ လက်ရှိ ဝန်ကြီးချုပ် လုပ်နေတဲ့ လူကိုပဲ သမ္မတတင်မလားဆိုတဲ့ ဟာမျိုးပေါ့နော် ကျနော်တို့ ခန့်မှန်းကြည့်တာ။ သူ ယုံကြည်ရမဲ့ သူပေါ့နော်။ ဦးညိုစောကို သမ္မတတင်ပြီးတော့ ကောင်စီရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ဆက်လက် တာဝန်ယူ နိုင်ခြေရှိတယ်လို့ ကျနော်တို့ကတော့ မျှော်မှန်းမိတယ်ပေါ့”ဟု ပြောသည်။
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းရာတွင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါဝင် ဖွဲ့စည်းနိုင်ကြောင်း၊ ထိုကောင်စီကို သမ္မတက ဖွဲ့စည်းပေးနိုင်ကြောင်း၊ ထိုကောင်စီအား သမ္မတရုံးက တာဝန်ယူ၍ လိုအပ်သည်များ ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။
တချို့ကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အစိုးရသစ်တွင် သမ္မတ တာဝန်ယူပြီး အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌကို ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အတွင်းရေးမှူးအား ဗိုလ်ချုပ်ကြီးရဲဝင်းဦးအား တာဝန်ပေး လာနိုင်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုတော့ အသစ်ရွေးချယ် ခန့်အပ်တာဝန်ပေးလာနိုင်ကြောင်း သုံးသပ်လျက်ရှိသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အနိုင်ရပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကြီးအကဲ ရာထူး ရယူခဲ့သည့်အပေါ် အခြေအနေ ကို နှိုင်းယှဉ်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် တပ်ချုပ်ရာထူးနှင့်အတူ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ရာ ထူးကို ရယူ၍ အစိုးရအဖွဲ့ကို နောက်ကွယ်က အုပ်ချုပ်လာနိုင်ကြောင်းလည်း ထောက်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လက်ရှိ တက်လာမည့် အစိုးရသစ်ကမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သမ္မတကြီးဖြစ်ရန် ရာခိုင်နှုန်းများကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)မှဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြော သည်။
၎င်းက “ခုလာမယ့် ကာလ ၅ နှစ် အခုဖြတ်နေတဲ့ ၅ နှစ်ပေါ့၊ တစ်ခုနဲ့တစ်ခု ဆက်စပ်မှု တည်ငြိမ်အေးချမ်းမှုကို လိုက်သွားတဲ့ အခါကြတော့ ခုနက နိုင်ငံတော်နဲ့ပတ်သက်တဲ့ Team Work တစ်ခု၊ အခြေခံဥပဒေမှာ ပါပြီးသား အချက်အလက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်လာပုံ ပေါက်တယ်။ အဲ့ဒါကြောင့် ပြည်ထောင်စုအတိုင်ပင်ခံ ကောင်စီဆိုတာကို ဖွဲ့ဖို့ဖြစ်လာပုံရတယ်။ လက်ရှိ ရွေးကောက်ပွဲအလွန် အစိုးရ ပေါ်ထွန်းဖို့အတွက် အဲ့ဒီမတိုင်ခင် လေးမှာ ကောင်စီကို ပြဋ္ဌာန်းနေတာ။ ခြုံငုံပြီးပြောရရင် လက်ရှိ ဖွဲ့စည်းထားတဲ့ ဥစ္စာသည် အဲ့ဒီကာလ မတ်လ အတွင်းမှာကို အစိုးရဖွဲ့စည်းရမယ်။ အစိုးရဖွဲ့စည်းပြီးတာနဲ့ လက်ရှိအစိုးရ ဦးညိုစောတို့နဲ့ အာဏာအလွဲအပြောင်း လုပ်မယ်။ အစိုးရသစ်က ပေါ်လာမယ်။ ခုနက ကောင်စီနဲ့ပတ်သက်တာက လာမယ့်အစိုးရ သမ္မတကြီးကပဲ ပြဋ္ဌာန်း ပေးရမယ် သတ်မှတ်ပေးရမယ်။ အဲ့ဒီတော့ လာမယ့် အစိုးရမှာ မှန်းတာကတော့ ဗိုလ်ချုပ်မှူးကြီးကတော့ သမ္မတ ကြီး ဖြစ်နိုင်တာပေါ့၊ ဖြစ်ဖို့ ရာခိုင်နှုန်း များတာပေါ့။ အဲ့ဒီတော့ သူတက်မယ့် လွှတ်တော်ကလည်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ပြည်သူလွှတ်တော်က တက်လာနိုင်တာပေါ့။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ထဲက တစ်ဦးဦးကတော့ဖြင့် ဒုတိယသမ္မတလည်း တက်လာနိုင်တယ်။ ဗိုလ်ချုပ်မှူးကြီးသာ သမ္မတ လုပ်ခဲ့မယ်ဆိုရင်တော့ဖြင့် ပြည်သူ့လွှတ်တော်ဘက်က လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုနဲ့ တက်လာမယ့် ဒုတိယသမ္မတ အလောင်းလျာ ဖြစ်လာနိုင်တယ်။ အဲ့ဒီလိုနဲ့ သမ္မတကြီးဦးဆောင်တဲ့ အဖွဲ့ဖွဲ့နိုင်တယ်”ဟု ပြေသည်။
ယခု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကမူ လာမည့် အစိုးရသစ်၏ သမ္မတသက်တမ်းအတိုင်း တည်ရှိမည် ဖြစ်သည့်အပြင် သမ္မတက ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများကို ခန့်အပ်ပြီး လုပ်ပိုင်ခွင့်များပေးခြင်း၊ လိုအပ် သလို နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြေညာစာများကို သမ္မတရုံးက ထုတ်ပေးရမည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်ထိ အပိုင်း(၃) ပိုင်း ခွဲ၍ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။
ထို့နောက် မတ်လတွင် လွှတ်တော်ခေါ်၍ ဧပြီလ၌ အစိုးရသစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိ သည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
