CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၉

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေသည် မြန်မာ့ နိုင်ငံရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှု များ ရှိနေကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရလက်ထက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ သည် ပုဂ္ဂိုလ်တစ်ဦးနှင့် နိုင်ငံတော်သမ္မတတို့ တွဲ၍သွားသည့် လမ်းကြောင်းဖြစ်ကာ ယခု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေသည် အစုအဖွဲ့နှင့် နိုင်ငံတော်သမ္မတတို့ တွဲ၍သွားမည့် လမ်း‌ကြောင်းမျိုးဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ကြသည်။

ယခုလုပ်ဆောင်မည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီသည်လည်း သမ္မတကို အကြံပေးမည့် အတိုင်ပင်ခံ အစုအဖွဲ့ပုံစံမျိုး ဖြစ်သည့်အတွက် နိုင်ငံတော်နှင့်သက်ဆိုင်သည့် လုပ်ငန်းများအား အကောင်အထည် ဖော်ရာတွင် ပိုမို ထိရောက်မည်ဟု မြင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအန်ကောလက CNI သတင်းဌာနသို့ ပြောသည်။

တပ်မတော်ထိပ်သီးခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “ကောင်းတယ်ဆိုတာက လက်ရှိ အုပ်ချုပ်ရေးကို သွားတဲ့အစိုးရပေါ့နော်။ အုပ်ချုပ်ရေးကို ဦးဆောင်တဲ့ အစိုးရက လက်ရှိ ကျနော်တို့နိုင်ငံရဲ့ အခင်းအကျင်းက ရှုပ်ထွေးတယ်။ ခက်လည်း ခက်ခဲပါတယ်။ အာဆီယံ level , နောက် regional level, ကျနော်တို့ ဘယ်လို ပြောရမလဲ power balance ဖြစ်နေတဲ့ balancing လုပ်နေတဲ့ အင်အားကြီး နိုင်ငံတွေကြားမှာ ရပ်တည်ဖို့ဆိုတာ အစိုးရတစ်ရပ် တစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ ကျနော်မြင်တာ တော့လေ။ ပညာရှင်အစုအဖွဲ့လိုတယ်။ Think tank သဘောမျိုးပေါ့။ State Think tank လို့ပဲ ကျနော်ကတော့ မြင်တယ်။ Think tank သဘောမျိုးနဲ့ အတူသွားရင်တော့ ပိုကောင်းတယ်။ ဘာလို့ဆို အကောင်အထည်ဖော်ဖို့ အတွက် အလုပ်ရှုပ်တဲ့ အခါကြတော့ တချို့ဟာတွေက မစဉ်းစားမိတဲ့ အချက်တွေရှိတယ်။ နောက်တစ်ချက်က ကျနော်တို့နိုင်ငံက ရှေ့လျှောက်သွားမယ့် အရွေ့မှာ လက်ရှိဖြစ်နေတဲ့ ကမ္ဘာ့အခင်းအကျင်းကလည်း တအား မြန် တယ်လေ။ အပြောင်းအလဲတွေက တအားမြန်တယ်။ နောက်တစ်ခုက တခြားနိုင်ငံတွေရဲ့ ပေါ်လစီတွေ, Strategy တွေကို ကျနော်တို့က တောက်လျှောက် ထိုင်ပြီးတော့မှ လေ့လာနေ၊ သုံးသပ်နေတဲ့ State Counsellor အဖွဲ့ လိုအပ်တယ်။ ကျနော်ကတော့ သဘောကျတယ် ဒီဟာလေ။ ဘာလို့လဲဆိုတော့ နိုင်ငံတော်အစိုးရနဲ့ အတူတူ counselling လုပ်မယ့် အဖွဲ့တစ်ဖွဲ့က Think tank လုပ်မယ့်အဖွဲ့တစ်ဖွဲ့က အကြီးကြီးပေါ့လေ။ State Think tank ပေါ့၊ အကြီးကြီး တစ်ခုခု ရှိထားတယ် ပိုကောင်းတယ်။ ပိုပြီးတော့မှ အလုပ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ပိုထိရောက်မယ် မြင်ပါတယ်” ဟု ပြောသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စု လွှတ်တော်၏ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးကာ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်း လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ် ရေးထိုး၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး အခန်း (၄) ခန်း ပါဝင်ကာ ပုဒ်မ ၁၁ ခု ပါဝင်သည်။

NLD လက်ထက်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဥပဒေပါ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ အသင်း အဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည် ဟူ၍ ဖြစ်သည်။

တပ်မတော်ထိပ်သီးခေါင်းဆောင်များကို တွေ့ရစဉ်

သို့သော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီဥပဒေတွင် နိုင်ငံတော်သမ္မတသည် သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း ပါဝင်၍ ကောင်စီကို ဖွဲ့စည်းရမည်ဟူ၍ ပါရှိသည်။

ထို့ပြင် ကောင်စီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုလည်း နိုင်ငံတော်သမ္မတက သတ်မှတ်ပေးရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်ခဲ့ပါက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌသည် ဒုတိယဗိုလ်ချုပ် မှူးကြီးစိုးဝင်း၊ အတွင်းရေးမှူးသည် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ ဖြစ်နိုင်ကာ အဖွဲ့ဝင် များသည်လည်း လက်ရှိတွင် အရပ်ဘက်သို့ တာဝန်ပေးခံထားရသည့် လူပုဂ္ဂိုလ်များ ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

ထို့ကြောင့် အစိုးရသက်တမ်း ၅ နှစ်စီ အလွှဲအပြောင်း သုံးကြိမ်ခန့် သွားမည်ဆိုပါက မြန်မာနိုင်ငံ ငြိမ်းချမ်းသွားနိုင် ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လာမယ့်အထိုင် အစိုးရနဲ့ အခုလက်ရှိ အထိုင်အစိုးရနဲ့ တစ်ခုနဲ့တစ်ခု Overlapping ဖြစ်သွားမှာပေါ့။ အဲဒီ တော့ တည်ငြိမ်မှု လက်ရှိ ၅ နှစ်ကို နောက် ၅ နှစ်အထိ လက်ဆင့်ကမ်း သွားမှာပေါ့။ နောက် ၅ နှစ်ရဲ့ တည်ငြိမ်မှု ကို နောက် ၅ နှစ်က လက်လွှဲပြန်ယူရမှာပေါ့။ အဲဒီလိုမျိုး အဲဒီလိုမျိုး ၅ နှစ် ၃ ကြိမ်လောက်သာ တည်တည်ငြိမ်ငြိမ် သွားမယ်ဆိုရင် မြန်မာနိုင်ငံ ငြိမ်းချမ်းသွားမယ်။ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု အထိုင်ကို ရမှာပေါ့။ အဲဒီတော့ ဖွံ့ဖြိုးတိုးတက်ရမယ်ပေါ့။ အဲဒီအတွက် ကြောင့် ကျနော်တို့က အမျိုးသားညီညွတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေးသည် လိုအပ်ချက် ဖြစ်တယ်လို့ ပြောနေရတာပေါ့” ဟု ပြောသည်။

ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အတည်ပြုပြ ဋ္ဌာန်းလိုက်သည့် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေတွင် ကောင်စီကို ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သမ္မတက သတ်မှတ်ပေးရမည် ဆိုသည့် အတွက် ထိုကောင်စီသည် သမ္မတ၏ လက်အောက်တွင် ရှိသည်ဟုလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ယူဆကြသည်။