CNI News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄
နယ်မြေဒေသ အများအပြားတွင် လက်နက်ကိုင် ပဋိပက္ခများ ပိုမိုကျယ်ပြန့်နေရခြင်းမှာ တစ်ဖက်အင်အားစုများ အပေါ် တပ်မတော်ဘက်က ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်နေရခြင်းဖြစ်ကြောင်း အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က NCA (၁၀)နှစ်ပြည့် အခမ်းအနား အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
တစ်ဖက် လက်နက်ကိုင် အင်အားစုများက နယ်မြေကျော်လွန် ဝင်ရောက်ပြီး မြို့ပေါ်အထိ တိုက်ကွက်ဖော်လာမှု များကြောင့် မြန်မာ့တပ်မတော်ဘက်မှလည်း မဖြစ်မနေ တုန့်ပြန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ NSPNC မှ ဗိုလ်မှူးကြီးဝဏ္ဏအောင်ကို တွေ့ရစဉ်
၎င်းက “ဘယ်လိုပဲဖြစ်ဖြစ် မြို့ပေါ်မှာ တိုက်ကွက်ဖော်တဲ့အပြင် အကြမ်းဖက် လုပ်ရပ်ပေါ့။ infrastructure တွေ မှန်သမျှ အကုန်လုံး ဖျက်ဆီးတာပေါ့။ ကျနော်တို့ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ပါတယ်။ government နဲ့ state နဲ့ကို ခွဲခြား နားလည်ဖို့ လိုတယ်ဆိုတဲ့ စကားလေးအတိုင်းပေါ့။ government အစိုးရနားလည်ရမယ်၊ state ဆိုတဲ့ နိုင်ငံတော်ကို နားလည်ရမယ်။ နိုင်ငံတော်ရဲ့ infrastructure တွေမှန်သမျှ အကုန်လုံး ဖျက်ဆီးပြီးတော့ လုပ်တဲ့ အပြင် သူ့ဘာသူ အေးချမ်းစွာနေတဲ့ ပြည်သူကို ကိုယ့်ဘက်မပါရင် ကိုယ့်ရန်သူသဘောနဲ့ အကြမ်းဖက်ပြီးတော့ သတ်ဖြတ်နေတာတွေက ကျနော်တို့ သတင်းတွေမှာလည်း ဖော်ပြနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က တော့ တစ်ဖက်ကနေပြီးတော့ နယ်မြေကျော်လွန် ဝင်ရောက်ပြီးတော့ မြို့ပေါ်တွေအထိ ရောက်လာတဲ့ တိုက်ကွက် တွေဖော်၊ အကြမ်းဖက် လုပ်ငန်းတွေ လုပ်တဲ့အခါမှာတော့ ကျနော်တို့ဘက်က ခုနကပြောသလို ကာကွယ်တဲ့ အနေနဲ့ ပြန်လုပ်ရတဲ့ ပြန်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ရတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ အကြမ်းဖက် မှုတွေကို တုန့် ပြန်တဲ့ ကာကွယ်တဲ့အနေနဲ့တော့ တချို့ မဖြစ်မနေ လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အနေ နဲ့ ငြိမ်းချမ်းရေးကို ရချင်ပါတယ်။ လိုချင်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက် တဲ့ ခေါင်းစဉ်ကို အမျိုးမျိုး တပ်ပြီးတော့ မပါ၊ ပါအောင် ကျနော်တို့ တစ်နိုင်ငံလုံး ပြည်သူလူထုပေါ့ အထူးသဖြင့် သိအောင် ဆောင်ရွက်တာပေါ့” ဟု ပြောသည်။
ယခင်က NCA လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မြို့ပေါ် တွင် မရှိကြတော့ဘဲ ၎င်းတို့ ယခင်ရှိခဲ့သည့် နေရာဒေသများတွင်သာ ဆက်လက် ရပ်တည်နေခဲ့ကြကြောင်း၊ အပစ် ရပ်ထားပြီး တစ်ဖက်နှင့်တစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)မှ ဗိုလ်မှူးကြီးဝဏ္ဏအောင်က ပြောခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့များ ပိုမို များပြားလာသကဲ့သို့ လက်နက်ကိုင် ပဋိပက္ခများမှာလည်း ပိုမို ကြီးမားကျယ်ပြန့်လာကြောင်း၊ လူထု ထိခိုက်မှုများ မှာလည်း ပိုမို များပြားလာကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်က သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာအေးမောင်နဲ့ ဗိုလ်မှူးကြီးဝဏ္ဏအောင်ကို တွေ့ရစဉ်
ထိုအခင်းအကျင်းများကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဆက်လက် လိုအပ်နေကြောင်း၊ ပြည်တွင်းစစ်ကြီး ကို ရပ်ရန်လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အောက်တိုဘာ ၁၇ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းက “ကျနော်တို့ အဲဒါတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်ပြီးတော့ လိုအပ်နေတယ်။ စစ်ဖြစ်နေပါစေ။ ကျနော်တို့က လူထုအတွက်၊ နိုင်ငံအတွက် တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားအတွက် ဒီပြည်တွင်းစစ်ကြီးကို ရပ်ဖို့ လိုပြီဆိုတဲ့ဥစ္စာ ၁၀ နှစ်ပြည်တဲ့ ဒီအခမ်းနားကြီးမှာ တစ်နိုင်ငံလုံးသိအောင်၊ တစ်ကမ္ဘာလုံးသိအောင် စစ်ဖြစ်တဲ့ ဒေသရော စစ်မဖြစ်တဲ့ဒေသပါ ကျနော်တို့ နိုင်ငံသားတွေအားလုံး၊ တိုင်းရင်းသားတွေအားလုံး ရင်ထဲမှာ ဘာလိုအပ် တယ်ဆိုတာကို သိအောင် ကျနော်တို့က ၁၀ နှစ်ပြည့်တဲ့ NCA အခမ်းအနားနဲ့ ဆက်လက်ပြီး သိပါစေ မျိုးဆက် လည်း သိပါစေ။ ဒီပြည်တွင်းစစ်ကြီးကို ရပ်ဖို့လိုပြီဆိုတဲ့အသိ သတင်းစကားပါးပေးပါ။ လူထုတွေရဲ့ ရင်ထဲမှာ စစ်ဖြစ်တဲ့ ဒေသကနေ စစ်မဖြစ်တဲ့ဒေသကို ပြောင်းရွှေ့ကြပါတယ်။ သူတို့ရင်ထဲမှာ ခံစားရတယ်၊ ကိုယ့်အိမ်ကိုယ့် ရာ၊ ကိုယ့်သားသမီး၊ ကိုယ့်မြေး ကျန်ခဲ့တာတွေရှိပါတယ်။ ဒီဘက်ကို လာရတဲ့အုပ်စု၊ ဟိုဘက်မှာ ကျန်ခဲ့တဲ့အုပ်စု အချင်းချင်း connection လေးတောင် မရတာတွေရှိပါတယ်” ဟု ပြောသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ကျင်းပမည်ဟု တရားဝင် ထုတ်ပြန်ထား သော်လည်း မြေပြင်၌ တိုက်ပွဲဖြစ်ပွားနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တပ်မတော်တို့ အလွတ်သဘော တွေ့ဆုံမှုများကိုမူ မတွေ့ရသေးပေ။
ထို့ကြောင့် ရွေးကောက်ပွဲအလွန် တက်လာမည့် အစိုးရ၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ကြီးမားသည့် စိန်ခေါ်မှု များ ရှိနေကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
လက်ရှိတွင် မြန်မာ့တပ်မတော် အနေဖြင့် လက်လွှတ် ဆုံးရှုံးထားရသည့် နယ်မြေဒေသများကို တဖြေးဖြေး ပြန်လည်ရရှိအောင် လုပ်ဆောင်နေသည်ကိုလည်း မြင်တွေ့ရသည်။
