CNI New
၂၀၂၅ ခုနှစ်၊ ဇူလိူင် ၄
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု နစက,က ကြေညာထားခြင်းကြောင့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရသည် လူထုအကျိုးပြုအစိုးရမဟုတ်ဘဲ ငွေရှာသည့်အစိုးရဖြစ်မည်ကို ပြည်သူလူထုမှ စိုးရိမ်လျက်ရှိနေကြသည်။
အစိုးရအဖွဲ့တွင် ကိုယ်ကျိုးစီးပွားရှာသူများ ပါလာနိုင်သလို လူထုကို အကျိုးပြုမည့်သူများလည်း ပါလာနိုင်သည့် အတွက် ပုံစံမျိုးစုံဖြစ်နေနိုင်ကြောင်း၊ သို့သော် ကောင်းမွန်သည့် အစိုးရတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်း ထိန်းကျောင်း ကြမည်ဆိုလျှင် အစိုးရကောင်းတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ မိမိတို့ ပါတီအနေဖြင့် အဂတိလိုက်စားမှု အနည်းဆုံး ဖြစ်အောင် ထိန်းကျောင်းနိုင်မည့် အတိုက်အခံပါတီဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အစိုးရထဲမှာတော့ ဒါပုံစံမျိုးစုံတွေတော့ ပါလာမှာပေါ့။ ကျနော်တို့ ထိန်းကျောင်းနိုင်တဲ့ အတိုက်အခံမျိုး ဖြစ်အောင် ကျနော်တို့က ကြိုးစားမယ်ပေါ့လေ။ အစိုးရထဲမှာ ပါဝင်လာတဲ့ အစိုးရ ဒီအဖွဲ့ဝင်တွေ အားလုံးက တကယ့်ကို ပြီးပြည့်စုံတဲ့ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်မှုနဲ့ ဘာနဲ့ညာနဲ့ဆိုတဲ့ဟာကိုက ဘယ်လိုမှ ပြောလို့မရဘူး လေ။ တာဝန်ခံလို့ တကယ့် နှဖူးတွေ့ဒူးတွေ့ တွေ့ပြီဆိုတဲ့ အခါကြတော့မှ လူတွေသည် ပြောင်းလဲသွားတတ်တဲ့ အမျိုးတွေလည်း ရှိတယ်ဆိုတဲ့ အခါကြတော့ ဒါမျိုးမဖြစ်အောင် ထိန်းသိမ်းဖို့တွေ ဟုတ်လား။ ပြီးရင် ကျနော်တို့က check and balance ပေါ့နော်။ ဒီအုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ ခက်မကြီး သုံးဖြာ ကွဲပြားသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် လက်ရှိထက်တော့ အများကြီး အထိန်းစေတွေ ပိုလာ မယ်။ ပြီးရင် ဒီလွှတ်တော်ထဲကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ရောက်လာမယ် အဲအတွက်ကြောင့် ဒီကိုယ့် မြို့နယ်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဒီနိုင်ငံမှာ ဖြစ်နေတဲ့ဟာတွေကို ဒီလွှတ်တော်ထဲမှာ ပြောခြင်းဆိုခြင်းအားဖြင့် ကိုကလည်း ပြန်လည်ပြီး ထိန်းသိမ်းသွားမယ်ပေါ့လေ”ဟု ပြောသည်။
ရွေးကောက်ပွဲ ကျင်းပလိုက်ခြင်းအားဖြင့် လက်ရှိ အနေအထားထက် အများကြီး ပိုကောင်းလာနိုင်ကြောင်း၊ ကောင်းမွန်သည့် အစိုးရတစ်ရပ်ဖြစ်စေရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် မီဒီယာများက ထိန်းကျောင်း ပေးရမည်ဟု ဦးထက်အောင်ကျော်က ဆက်လက် ပြောသည်။
လွှတ်တော်ကို တွေ့ရစဉ်
၎င်းက “လက်ရှိ အနေအထားကနေမှ နောက်လာမယ့် အနေအထားက အများကြီး ပိုကောင်းလာမယ်လို့ မြင်ရ တယ်။ ဘယ်သူမှန်း မသိသေးပေမယ့်ပေါ့၊ ဒါပြောရမယ်ဆိုရင် အခြေ အနေအရရယ် ဖြစ်လာမယ့် ဖြစ်စဉ်အရ ရယ်ကိုပဲ တွက်ချက်ပြီးပြောတာ ဘယ်သူဘယ်ဝါ ဖြစ်မယ်တော့ မသိသေး ဘူးပေါ့နော်။ ကိုယ်ကျိုးစီးပွားရှာတဲ့ ဟာမျိုးတွေလည်း ရှိနိုင်တာပဲ။ ဒါကို ကျနော်တို့က အတတ်နိုင်ဆုံး ဘယ်လို ထိန်းကျောင်းကြမလဲပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အားဖြင့်သော်လည်းကောင်း ဒီဘက်က မီဒီယာတွေရဲ့ အားဖြင့်သော်လည်း ကောင်း အားလုံးပေါ့။ အားလုံးက မီဒီယာဆိုတာလည်း စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ အတွက်ကြောင့် ဒီဟာတွေ အကုန် လုံးက စုပေါင်းပြီးတော့မှ တိုင်းပြည်ကို ကောင်းသည်ထက် ကောင်းအောင် ကြိုးစားသွားရင်ဖြင့် ဘယ်သူလာလာ ပေါ့။ ဘယ်သူတက်တက် မဟုတ်တာ လုပ်ပြီဆိုတာနဲ့ တပြိုင်နက် ကျနော်တို့က ဝိုင်းဝန်းပြောဆို ထိန်းကျောင်း မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲအလွန် အလုပ်ကို စနစ်တကျနှင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ မြန်မာပြည် ပျက်စီးခဲ့ရသည်က တက် သည့် အစိုးရတိုင်းက ပိုက်ဆံရှာနေကြ၍ ပျက်စီးခြင်းဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုး တိုးတက် ရေးပါတီမှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခုတက်လာမဲ့ အစိုးရကတော့ တော်တော်ကြီးကို အခက်အခဲကို ရင်ဆိုင်ရမှာပါ။ သာမန် အခါတိုင်း တက်လာတဲ့ အစိုးရနဲ့တော့ သူမတူဘူး အများကြီး ကြိုးစားရလိမ့်မယ်၊ သည်းခံရလိမ့်မယ်။ နောက်ပြီး တဖက်မှာ လည်း ဒီအလုပ်ကို စနစ်တကျနဲ့ ကြိုးစားရမှာပေါ့နော်။ အဲဒါမှဘဲ နိုင်ငံတိုးတက်လာမယ် ပြောရမယ်ဆိုရင် ငွေရှာ တဲ့ အစိုးရမျိုးလားဆိုတော့ မြန်မာပြည် လွတ်လပ်ရေးရကတည်းက မြန်မာပြည်ပျက်စီးခဲ့ရတာ တက်တဲ့အစိုးရ တိုင်းက ပိုက်ဆံရှာနေကြလို့ ပျက်စီးတာပါ။ အခုက အပေါ်ကရှာတယ် အောက်ကရှာတယ် ပြည်သူက လုံးချာ လည်ရိုက်နေ ရိုက်သွားတာပေါ့။ ဘာလို့ဆို ဌာနဆိုင်ရာအားလုံးကို ပြည်သူက ကြောက်နေရတယ်။ အမှန်တကယ် ကျတော့ အစိုးရဆိုတာ ပြည်သူ့ဝန်ဆောင်မူ အဖွဲ့အစည်းလေး တစ်ခုပါ။ ပြည်သူကို စိတ်ကျေနပ်အောင် ဝန်ဆောင်ပေးမယ် ပြည်သူကလည်း အခွန်တွေ ဆက်သမယ် ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းဲ အဲလိုမျိုး အဲလိုမျိုးဖြစ်အောင်တော့ ကျနော်တို့ နိုင်ငံက တော်တော်ကြီးကို ကြိုးစားရအုံးမှာပါ။ အခု ရွေးကောက်ပွဲ အလွန် တက်လာမဲ့အစိုးရက စပြီးကျင့်သုံးနိုင်ရင်တော့ ပိုပြီးမှ ကောင်းတာပေါ့။ ဌာနဆိုင်ရာ ပေါင်းစုံက အခု ၂၁ နောက်ပိုင်းဆို ပိုလို့ဆိုးသေးတယ်။ ဒါ CDM လုပ်သွားတဲ့လူက အကြီးတန်း CDM မလုပ်တဲ့ လူကတွေကလည်း အခွင့်အရေးရပြီဆိုပြီးတော့မှ အကြီးအကျယ် စီးပွားရှာကြတာတွေ ရှိကြပါတယ်၊ ဒါဝန်ထမ်းဆိုးတွေပေါ့။ အဲဒီ ဝန်ထမ်းဆိုးတွေ များလာရင်တော့ တိုင်းပြည်က ပျက်မှာပါပဲ”ဟု ပြောသည်။
လက်နက်ကိုင်တိုက်ပွဲ၊ ငွေအသပြားနဲ့လောင်မြက်နေသောမီးပွားကြားက မြန်မာနိုင်ငံကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများ၌ အပိုင်းလိုက် ခွဲ၍ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးမည်ဖြစ် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
သို့သော် ပြည်သူလူထုသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး စသည့် အခြေအနေများ ကျဆင်းနေခြင်းကြောင့် အပြောင်းအလဲ တစ်ခုကို မျှော်လင့်နေကြသည့်တိုင် ရွေးကောက် ပွဲ အလွန်တက်လာမည့် အစိုးရအဖွဲ့သည် လူထုနှင့်နိုင်ငံ၏ အကျိုးကို ရှေ့ရှုခြင်းထက် ကိုယ်ကျိုးစီးပွားအတွက် ငွေ ရှာသော အစိုးရတစ်ရပ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
ထို့ကြောင့် ရွေးကောက်ပွဲဆိုသည်မှာ မိမိရွေးချယ်သည့် အစိုးရကို မိမိပိုင်ဆိုင်ရမည်သာဖြစ်၍ မိမိ၏ ရွေးချယ်မှုက လူထုနှင့်နိုင်ငံ အကျိုးအတွက် အဂတိတရား ကင်းကင်းဖြင့် ဆောင်ရွက်ကြမည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး သေသေချာချာ မဲပေးရွေးချယ်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။