CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄

ရွေ့လျားတပ်ဖွဲ့ အမှတ်(၆)ကို တိုးချဲ့ ဖွဲ့စည်းလိုက်ပြီးနောက် ချင်းတွင်းမြစ်ဝှမ်းတလျှောက် လုံခြုံရေးနှင့် ကာကွယ် ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM) အဖွဲ့က ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအတွင်းရှိ နာဂဒေသနှင့် ဆက်စပ် နယ်မြေတလျှောက်က အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများဖြင့်လည်း ဆက်ဆံရေးကို ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း NSCN-K/AM အဖွဲ့က ပြော သည်။

၎င်းက “ မိမိတို့ အနေနဲ့ ရွေ့လျားတပ်ဖွဲ့ အမှတ် ၆ ကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ဒီအဖွဲ့က မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေဒေသတွေမှာ လှုပ်ရှားဆောင်ရွက်နေကြောင်း၊ ခန္တီးမြို့နယ်၊ Khiamniungan ဒေသတွေမှာ အဓိက လှုပ်ရှားမှာဖြစ်ပြီးတော့ ချင်းတွင်းမြစ်ဝှမ်းတလျှောက် နေထိုင်သူတွေရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်တွေကိုလည်း ထမ်းဆောင်ကြမှာဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် NSCN-K/AM အဖွဲ့သည် မြန်မာ့တပ်မတော်နှင့် နားလည်မှုယူထားပြီး မြန်မာ့နိုင်ငံရေး ပဋိပက္ခအတွင်း မှာ ကြားနေဝါဒအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရှိနေ ကြောင်း သိရသည်။

NSCN-K/AM သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အပါအဝင် ခန္တီး၊ မြန်မာ- အိန္ဒိယနယ်စပ် စသည့် ဒေသများမှာ လှုပ်ရှားလျက်ရှိသည်။

NSCN-K/AM အဖွဲ့ကို ဦးဆောင်သည့် ဦးအန်းမိုင်အား NSCN-K/YA အဖွဲ့က ထုတ်ပယ်လိုက်သည့်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်တွင် ဦးအန်းမိုင်မှ NSCN-K/AM  အဖွဲ့သစ်ကို ထူထောင်လိုက်ခြင်း ဖြစ်သည်။

ဦးအန်းမိုင်သည် NSCN-K ကို ဦးဆောင်ခဲ့သော ဦးကပ္ပလန် မကွယ်လွန်အထိ ဦးကပ္ပလန်၏ ကိုယ်ရေးအရာရှိနှင့် ပြည်ထဲရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။