CNI International News
ဘန်ကောက်၊ ဇူလိုင် ၅
ထိုင်းနိုင်ငံတွင် နိုင်ငံရေးမတည်မငြိမ် ဖြစ်ပွားနေမှုနှင့်အတူ စစ်တပ်က အာဏာသိမ်းမည့် အလားအလာသည် အာမခံချက်မရှိသေးကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) သည် ဝန်ကြီးချုပ်အဖြစ် ပြောင်းလဲ တာဝန် မထမ်းဆောင်မီ ထိုင်းစစ်တပ်နှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ၉ လတာ ကာလအတွင်း ဖွမ်သမ်သည် စစ်တပ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ခေတ်မီ လက်နက်ပစ္စည်းများအား ဝယ်ယူခြင်းနှင့် နည်းပညာများကိုလည်း မြှင့်တင်ခဲ့သည်။
မကြာသေးမီက ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ဒေသ ပြဿနာနှင့် ပြည်တွင်း နိုင်ငံရေး အကျပ်အတည်း များကြောင့် ဝန်ကြီးချုပ် ပေတန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) ကို အခြေခံဥပဒေဆိုင်ရာတရားရုံး က ဇူလိုင် ၂ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ ဆိုင်းငံ့ခဲ့သည်။
ထိုင်းစစ်တပ်ကို တွေ့ရစဉ်
ထို့နောက် ဇူလိုင် ၂ ရက်တွင် လက်ထောက်ဝန်ကြီးချုပ် သူရိယ ဂျန်ရန်ရီယန်ကစ် (Suriya Jungrungreangkit) က ယာယီဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာ တာဝန်ယူခဲ့ပြီးနောက် ဇူလိုင် ၃ ရက်တွင်မူ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ကို အစိုးရအဖွဲ့သစ်၏ ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းအတွင်း ဖွမ်သမ်က စစ်တပ်၏ အာဏာသိမ်းမည့် အလားအလာကို ငြင်းဆိုခဲ့သော်လည်း သူသည် အငြိမ်းစား ဗိုလ်မှူးကြီးတစ်ဦးဖြစ်သဖြင့် ယခုကဲ့သို့ စစ်တပ်အကြီးအကဲဟောင်းကို ဝန်ကြီးချုပ် ရာထူးခန့်အပ်မှုသည် အာဏာသိမ်းမည့် အခြေအနေအား အာမခံချက်မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ထိုင်းတွင် အတိတ်ကာလက အာဏာသိမ်းမှုများကို ပြန်လည်သုံးသပ်ရမည်ဆိုပါက တူညီသည့် အခြေအနေ များကိုသာ တွေ့ရမည်ဖြစ်သည်။
အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်သည် နိုင်ငံ့အရေး ကိစ္စများအား စီမံခန့်ခွဲနိုင်ခြင်းမရှိဘဲ ပြည်သူလူထု၏ ယုံကြည်ချက် များ ကျဆင်းသွားချိန်တွင် စစ်တပ်က ကြားဝင်ပြီး အာဏာကို ရယူခဲ့သည်။
ထို့နောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး အရပ်ဘက် အုပ်ချုပ်ရေးကို တစ်ဆင့်ချင်းစီ လွှဲပြောင်းကာ နိုင်ငံရေးလောကမှ စနစ်တကျ ထွက်ခွာသွားခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
လက်ရှိ စစ်တပ်၏ အကြီးအကဲသည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပါန ခလော်လွတ်သွတ် (Phana Khlaeoplotthuk) ဖြစ်ပြီး ၎င်း၏ နောက်ထပ် ရွှေ့ကွက်ကို ခန့်မှန်းရ ခက်ခဲသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
ဖွမ်သမ်ကမူ သူသည် ဗိုလ်ချုပ်ကြီးပါန အပါအဝင် အခြားစစ်ဘက် ထိပ်သီး ခေါင်းဆောင်များနှင့် စကားပြော ဆိုခဲ့ပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားလိမ့်မည် မဟုတ်ဟု ပြောကြားခဲ့သော်လည်း ပါနက တစ်စုံတစ်ရာ အရိပ်အမြွက် ပြောကြားခဲ့ခြင်းမရှိပေ။
ပါနသည် စစ်ဦးစီးချုပ်အဖြစ် ၂၀၃၀ ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အခြား ကြည်း၊ ရေ၊ လေ အကြီးအကဲများကမူ ယခုနှစ် စက်တင်ဘာလတွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်သဖြင့် ပါန၏ သက်တမ်းအတွင်း အာဏာသိမ်းမှု အခြေအနေကို ယတိပြတ် ခန့်မှန်းနိုင်ခြင်း မရှိသေးကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။
Source: The Nation