CNI International News
ဂျေရုဆလင်၊ ဇူလိုင် ၅
အစ္စရေးတို့ သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းဒေသရှိ ဆင်ဂျေးလ်(Sinjil) မြို့တွင် ၅ မီတာအရှည်ရှိ သတ္တုခြံစည်းရိုးတစ်ခု ခတ်လိုက်သောကြောင့် အဝင်အထွက်ပြုလုပ်ရန် အစောင့်အကြပ်အပြည့် ချထားသော လမ်းတစ်လမ်းသာ ရှိတော့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
လယ်တောနှင့် စိုက်ခင်းများကို ဖျက်ဆီးကာ တည်ဆောက်ထားသော ထိုခြံစည်းရိုးကြောင့် ဆင်ဂျေးလ်မြို့သည် အကျဉ်းထောင်တစ်ခုကဲ့သို့ ဖြစ်လာကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
အစ္စရေးတပ်ဖွဲ့များကမူ ယင်းခြံစည်းရိုး အကာအရံသည် ကျောက်တုံးများဖြင့် ပစ်ပေါက်သည့် အန္တရာယ်ကို တားဆီးရန်နှင့် အနီးအနားရှိ ရာမာလာ-နာဘလက်စ်(Ramallah-Nablus)အဝေးပြေးလမ်းအား အသုံးပြုနေသည့် ဂျူးအခြေချ နေထိုင်သူများကို ကာကွယ်ပေးရန် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့များက ပြောကြား ခဲ့သည်။
ခြံစည်းရိုးခတ်ထားသည့် ၁၀ ဧကအတွင်း လူ ၈၀၀၀ ခန့် ပိတ်မိနေပြီး ၎င်းတို့၏ လယ်မြေဧက ၂၀၀၀ ကို ရှင်းလင်း ၍ ခြံစည်းရိုးကာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
အနောက်ဘက်ကမ်းဒေသကို တွေ့ရစဉ်
လက်ရှိတွင် ၎င်းတို့သည် လုပ်ငန်းခွင်၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် မိသားစုထံ သွားရောက်နိုင်ရန် ရုန်းကန်နေရပြီး တစ်ခါတစ်ရံ စစ်တပ်စစ်ဆေးရေးဂိတ်၌ နာရီပေါင်းများစွာ စစ်ဆေးခံနေရခြင်း သို့မဟုတ် ပိတ်ဆို့ထားသော လမ်းများမှာ လမ်းရှာဖွေနေရခြင်းတို့ ကြုံတွေ့ရလျက်ရှိသည်။
အစ္စရေး စစ်တပ်ကမူ ထိုကန့်သတ်ချက်များသည် လုံခြုံရေးအတွက် လိုအပ်ကြောင်း ပြောကြားခဲ့သော်လည်း ပါလက်စတိုင်းများကမူ ၎င်းတို့၏ စိတ်ဓာတ်ကို ချိုးဖျက်ရန် ရည်ရွယ်ပြီး ခြံစည်းရိုး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေးက ဂျူးရပ်ကွက်များနှင့် ခြံစည်းရိုးများ တည်ဆောက်ခြင်းသည် တရားဝင်ကြောင်း ကာကွယ်ပြောဆို ထားသော်လည်း နိုင်ငံအများစုကမူ အစ္စရေးသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ယူဆ ထားသည်။
ဂါဇာတွင် စစ်ပွဲ ဖြစ်ပွားနေခြင်းကြောင့် အနောက်ဘက်ကမ်းဒေသရှိ လူနေမှုဘဝများသည် ပိုမိုခက်ခဲလာပြီး မိသားစုဝင်များသည် ဖိအားများအောက်၌ ခွဲခွာနေထိုင်နေကြရသည်။
Source: ရိုက်တာ