CNI International News

ဂျေရုဆလင်၊ ဩဂုတ် ၁၈

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) သည် ပြဿနာတစ်ခု ဖြစ်လာကြောင်း ဒိန်းမတ်ဝန်ကြီးချုပ် မက်တီဖက်ဒရစ်ဆန် (Mette Frederiksen) က သြဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု The Times of Israel သတင်း၌ ဖော်ပြခဲ့သည်။

ထို့ပြင် ဒိန်းမတ်နိုင်ငံသည် လက်ရှိ ဥရောပသမဂ္ဂ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူထားချိန်တွင် ဂါဇာစစ်ပွဲနှင့် ပတ်သက်ပြီး အစ္စရေးကို ဖိအားပေးရန် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

ဂါဇာတွင် ဟားမာ့စ်အဖွဲ့နှင့် စစ်ပွဲ ဖြစ်ပွားနေသည့် အစ္စရေးကို ဥရောပမဟာမိတ်များနှင့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဖိအားများ တိုးမြှင့်နေချိန်၌ ဖက်ဒရစ်ဆန်၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

“အခုချိန်မှာ နေတန်ယာဟု ကိုယ်တိုင်က ပြဿနာတစ်ခု ဖြစ်နေပါတယ်”ဟု ဖက်ဒရစ်ဆန်က Jyllands-Posten သတင်းစာနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထို့နောက် ဒိန်းမတ်နိုင်ငံသည် အစ္စရေးဘက်မှ ကာလကြာရှည် ရပ်တည်ပေးခဲ့ကာ သူကိုယ်တိုင်ကလည်း ပုဂ္ဂိုလ်ရေးအရ အစ္စရေးကို ဆက်လက် ထောက်ခံသွားမည်ဟု ဖက်ဒရစ်ဆန်က ပြောသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို တွေ့ရစဉ်

နေတန်ယာဟုသည် ရာထူးတွင် မရှိတော့ပါက အစ္စရေးသည် ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူဆထားကြောင်း၊ လက်ရှိ အစ္စရေးအစိုးရသည် နိုင်ငံ့အကျိုးစီးပွားကို ဆန့်ကျင်သည့် လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း၊ လက်ရှိ ပြဿနာကို အစ္စရေးပြည်သူများက ဖြေရှင်းရမည်ဖြစ်ကြောင်း ဖက်ဒရစ်ဆန်က ပြောသည်။

ထို့ပြင် ဂါဇာ၌ လူသားချင်း စာနာထောက်ထားမှု အခြေအနေသည် အလွန်ထိပ်လန့်စရာ ကောင်းကြောင်း၊ အစ္စရေး သည် တရားလွန် လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

အနောက်ဘက်ကမ်း ဒေသတွင်လည်း အိမ်ရာ ၃၀၀၀ ကျော် တည်ဆောက်မည့် ရပ်ကွက်တစ်ခု အစ္စရေး၏ အစီအစဉ်ကိုလည်း ဖက်ဒရစ်ဆန်က ဝေဖန်ခဲ့သည်။

“ကျမတို့ဟာ အစ္စရေးကို ဖိအားတွေ တိုးမြှင့်ချင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှုကိုတော့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

အစ္စရေး၏ ရပ်ကွက် ထူထောင်ရေး အစီအစဉ်၊ အစိုးရအဖွဲ့ဝန်ကြီးများ သို့မဟုတ် အစ္စရေးနိုင်ငံအပေါ် နိုင်ငံရေး ဖိအားနှင့် ပိတ်ဆို့မှုများ ချမှတ်ရန် စဉ်းစားသွားမည်ဟုလည်း ဖက်ဒရစ်န်က ပြောကြားခဲ့သည်။

Source: The Times of Israel