CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၈
တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံရေးနှင့်ပတ်သက်၍ အဖွဲ့အချို့အနေဖြင့် အလှူရှင်များ ငြိုငြင်မည်ကို ကြောက်သည့်အတွက် တွေ့ဆုံရန် မဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA.S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ တွေ့ဆုံရေးကို ပြင်ဆင်ရာတွင် အဖွဲ့အချို့ အနေဖြင့် အလှူရှင်များ ငြိုငြင်မည်ကို ကြောက်သည့်အတွက် ဆုံခွင့်မရဖြစ်နေကြကြောင်း၊ NCA မထိုးထားသည့် မြောက်ပိုင်း ၇ ဖွဲ့နှင့် တွေ့ဆုံမည်ဆိုပါက ပို၍ခက်ခဲမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့ NCA လက်မှတ်ရေးထိုးထားတဲ့ ၇ ဖွဲ့လည်း ကြိုးပမ်းနေတယ်။ EAO တွေစုံပြီး တော့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဆွေးနွေးသင့်တယ်ဆိုတာ ကြာပါပြီ ဒီအဆိုကတော့။ ပြင်ဆင်တာလည်း ကြာပါ ပြီ။ ground common position ပေါ့။ ဘုံ position ကို မဖန်တီးနိုင်တဲ့ အခါကြတော့ ဆုံချက်က မရဘူးဖြစ်နေ တယ်။ ဥပမာ လွန်ခဲ့တဲ့ ၁၀ နှစ်က ၂၀၁၅၊ အောက်တိုဘာမှာ လက်မှတ်ရေးထိုးတုန်းက ၈ ဖွဲ့၊ ၂၀၁၈ မှာ ၂ ဖွဲ့။ အားလုံး NCA လက်မှတ်ရေးထိုးထားတာ ၁၀ ဖွဲ့ရှိပါတယ်။ အဲဒီ ၁၀ ဖွဲ့တောင် အခု မညီဘူး။ အဲဒီ ၁၀ ဖွဲ့ကို ခဏ ပြန်ဆုံရအောင် ဆိုတာတောင်မှ ၂ ဖွဲ့ ၃ ဖွဲ့က သူ့ရဲ့ ဖောက်သည်နဲ့သူ သူ့အလှူရှင်နဲ့သူ၊ သူ့အာဂျင်ဒါနဲ့သူ သွားနေ တော့ ကျနော်တို့ ဆုံလို့မရဘူး ဖြစ်နေတယ်။ ဆုံလိုက်ရင် သူတို့အလှူရှင်တွေ ငြိုငြင်မှာလည်း ကြောက်ကြတယ် ထင်တယ် တချို့အဖွဲ့အစည်းတွေက။ ဒါကြောင့် အလှူရှင်တွေ ငြိုငြင်မှာ ကြောက်တဲ့အတွက် ဆုံခွင့်မရဘူး ဖြစ်နေတာ။ ဒါကြောင့် ကျနော်တို့ NCA ထိုးတာချင်း တူတယ်တောင် ၁၀ ဖွဲ့။ ဒါကြောင့် NCA မထိုးတဲ့ မြောက်ပိုင်း ၇ ဖွဲ့ကို ဖိတ်ခေါ်မယ်ဆိုရင် တစ်ခါ ပိုလို့တောင် တစ်ဆင့် ထပ်ခက်မယ်ဦးမယ်။ ဒါကြောင့် အပြန်အလှန် ယုံကြည်မှု ရဖို့နဲ့ အပြန်အလှန် တွေ့ဆုံဖို့က ကြားခံအဖွဲ့အစည်းတော့ လိုမလားလို့ အဲဒီလိုဖြစ်နေတယ်။ EAO အချင်းချင်း တောင် တွေ့ရဆုံရခက်နေတော့ ကြားခံအဖွဲ့အစည်း လိုလိမ့်မယ်လို့ ထင်တယ်” ဟု ပြောသည်။
NCA စာချုပ် မူကြမ်းအတည်ပြုစဉ်က သမ္မတဦးသိန်းစိန်နဲ့ လက်နက်ကိုင်များကိုတွေ့ရစဉ်
အပစ်ရပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ (7 EAO Alliance) အနေဖြင့် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ၅ ရပ်ကို ချမှတ်ထား သည်။
ထိုထဲတွင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာတွင် အခရာကျသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုစည်းညီညွတ်မှုကို မြှင်တင်နိုင်ရန် လမ်းညွှန်ချက် တစ်ရပ်အဖြစ် ပါရှိ ကြောင်း သိရသည်။
သို့သော် လက်ရှိတွင် လက်နက်ကိုင်အဖွဲ့အစည်းများမှာ ယခင်ထက် ပိုမိုပေါများလာသဖြင့် ရွေးကောက်ပွဲ မတိုင်ခင်ကာလ၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုစည်းရေးမှာ မလွယ်ကူကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တကယ် မလွယ်ပါဘူး။ EAO တွေ အားလုံး ဆိုရင်လည်းပဲ ဟိုးကျနော်တို့ NCA ညှိနှိုင်းတဲ့ အချိန်တုန်းက EAO တွေက ၂၀ ကျော်ကျော်လောက် ရှိခဲ့ပြီလေ။ ဒီအချိန်မှာဆိုရင်လည်းပဲ ပုံမှန်မဟုတ်တဲ့ နိုင်ငံရေး အခင်း အကျင်း အောက်မှာ ၄ နှစ်တာ ကာလအတွင်းမှာ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း နောက်ထပ် အများကြီး ပေါ်ပေါ်က်ခဲ့တယ်ဆိုတာကလည်း ပကတိ အရှိတရားပါ။ ဖြစ်လား၊ မဖြစ်လားဆိုတာ အတိအကျတော့ မသိဘူးပေါ့လေ။ သို့သော်လည်းပဲ ပြောထားသလို ကျနော်တို့ သိထားသလို လာမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီ အဲဒီ လောက်ပဲလုပ်မယ့် ရွေးကောက်ပွဲ အတွက်ကတော့ ဒီအချိန်တို ကာလအတွင်းမှာ ကျနော်တို့ အဆိုပြုတဲ့ လုပ်ငန်း စဉ် ၅ ရပ်ကို တစ်စုံတစ်ရာ ဘာမှ စတင်ဆောင်ရွက်နိုင်ခြင်း မရှိဘဲနဲ့တော့ သက်ဆိုင်တဲ့ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေအားလုံး စုစည်းဖို့ ညီညွတ်ဖို့ဆိုတာကလည်းပဲ ကျနော်တို့အတွက် အခက်အခဲတွေ စိန်ခေါ်မှု တွေ အများကြီး ရှိဦးမယ်ထင်ပါတယ်” ဟု ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့ တခြားသော လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်ကိုတွေ့ရစဉ်
လက်ရှိတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဖိုရမ်များ ပြုလုပ်သည့်အခါတွင် NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့ဖြင့် သာ ပြုလုပ်ပြီး မြေပြင်တွင် တိုက်ပွဲဖြစ်ပေါ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာမူ မပါဝင် ကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အား အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်မည်ဟု NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ-တပ်မတော်ကြား သဘောတူထားကြသလို နိုင်ငံရေးပါတီများ ကလည်း လက်ခံထားကြသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသော မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကြောင့် တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ဖက်ဒရယ်စနစ်ထက် ကျော်လွန်၍ ကွန်ဖက်ဒရေး ရှင်း သို့မဟုတ် သီးခြား လွတ်လပ်သော နိုင်ငံသစ် ထူထောင်ရေးဆိုသော ရပ်တည်ချက်များကို ထုတ်ဖော် ပြော ကြားလာခဲ့ကြသည်။